စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ အနီးမှာ ရှိတဲ့ စစ်အုပ်စု တင့်ကားတပ်ကို မနေ့က ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာ Unicorn Guerrilla – ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ပြောပါတယ်။
ဩဂုတ်(၂၈)ရက် မနေ့က နေ့လည် (၂)နာရီအချိန် အုန်းတောရွာ တင့်ကားတပ်ကို Royal Falcon၊ Phoenix (SGG)၊ Unicorn Guerrilla၊ Fight For Federal၊ တောတွင်းတွတ်ပီနဲ့ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တပ်ခွဲ(၄)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အသေအပျောက်က မရှိနိုင်ဘူးလို့ ထင်တယ်။ လမ်းအလည်ခေါင် တည့်တည့် ကျတယ်။ သူတို့ ဘန်ကာ ဆောက်ထားတဲ့ အနားကို ကျတယ်။ လေးလုံးလောက် ကောင်းကောင်း ပေါက်ကွဲတယ် ” လို့ ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုအပြီး စစ်အုပ်စုက ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
မတ္တရာ Unicorn Guerrilla – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်း၊ မန္တလေး၊ မတ္တရာနယ် တဝိုက်ကို အခြေပြုကာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပြီး ဒရုန်းတွေ အဆင့်မြှင့်ပြီး စစ်အုပ်စုကို တိုက်ခိုက်နိုင်ဖို့ အများပြည်သူရဲ့ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။