ရာသီဥတုအေးနေ၍ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များ ဖျားနာမှုများဖြစ်ပွားနေပြီး အနွေးထည်၊ စောင်နှင့် မိုးကာများလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဒီဇင်ဘာလလယ်အတွင်းမှ ယခု ဇန်နဝါရီလဆန်းပိုင်းအထိ စစ်ကိုင်းအတွင်း အအေးပိုနေ၍ စစ်ရှောင်များ အအေးမိ၍ ဖျားနာမှုများဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။
“များတယ်။ တစ်ပတ်ကို လူတစ်ရာကျော်လောက်ရှိတယ်။ ကုပေးနေရတယ်”ဟု ရွှေဘိုခရိုင်အတွင်း စစ်ရှောင်အရေး ကူညီပေးနေသည့် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များမှာလည်း တောတွင်းနေရာများ၌ အဆင်သင့်ရာနေရာများတွင် ရှောင်တိမ်းနေရသဖြင့် စောင်နှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
မိုးကာများမှာမူ ယာယီတဲများတွင် အသုံးပြုရန် လိုအပ်နေခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် သိန်းချီရှိနေပြီး စစ်ကောင်စီစစ်ကြောင်း၏ အခြေအနေပေါ်မူတည်၍ တိမ်းရှောင်နေရသည်။