စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုး တစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်-AA တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ (၁၀၂၇) စစ်ဆင်ရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့၊ မနက် ၈ နာရီခွဲကစပြီး ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့အထိ ၂ ဖက် ရင်ဆိုင် တိုက်ပွဲတွေ၊ ကြိုကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးဟာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အများဆုံး ပြုလုပ်နေတဲ့ နေရာတွေထဲက တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့၊ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အချိန်ကစပြီး ရက္ခိုင့်တပ်တော် အနေနဲ့ ကိုးကန့်၊ တအာင်း ညီနောင်မဟာမိတ်တွေနဲ့ သာမက ကချင် အပါအဝင် အခြား မဟာမိတ်တွေရှိတဲ့ နေရာဒေသတွေ၊ စစ်ဆင်ရေး အရေးကြီး နေရာတွေနဲ့ စစ်ဆင်ရေးကို အထောက်အပံ့ ဖြစ်စေတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ရက္ခိုင့်တပ်တော် အခြေစိုက် လှုပ်ရှားတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်၊ KIA လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲတွေမှာလည်း ရက္ခိုင့်တပ်တော်က အာရက္ခ စစ်သည်တော်တွေဟာ မဟာမိတ်တွေနဲ့အတူ ဟန်ချက်ညီ ပူးပေါင်း စစ်ဆင်ရေးတွေကို ဆက်တိုက် ဆင်နွှဲနေတယ်လို့ ဆိုတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့သလို တော်လှန်ရေး ညီနောင် မဟာမိတ်တွေဘက်ကလည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့ပြီး လက်ရှိအချိန်ထိ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက် နေတယ်လို့ သိရပါတယ်။