စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ ယခုလအတွင်း အမြဲတမ်းစစ်ရှောင် ၁၅၀ခန့် ထပ်တိုး လာကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် အမြဲတမ်းစစ်ရှောင်ဦးရေ တိုးလာခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးထံက သိရသည်။
” စစ်ရှောင်တိုးလာတာနဲ့အမျှ လိုအပ်ချက်တွေပိုများလာတယ်။ တာဝန် အလုပ်တွေပိုတိုးလာတယ်” ဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးမှ ပြန်ကြားရေးတာဝန်ခံ က ပြောပြခဲ့ပါသည်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ လမ်းပိုင်း ပိတ်ဆို့ထားမှုကြောင့် သယ်ယူပို့ဆောင်ရေးလည်း ခက်ခဲလျက်ရှိပြီး ဆန် တစ်အိတ်(၂၄ပြည်)လျှင် ကျပ် ၉သောင်း ဝန်းကျင်မှ ၁သိန်း အထိစျေးပေါက်နေကြောင်း သိရသည်။
စစ်ရှောင်များမှာ ဒီပဲယင်းဒေသခံများသာမက ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကပါ ထွက်ပြေးတိမ်းရှောင်လာကြသဖြင့် စစ်ရှောင်လက်ခံသည့် နေရာ လည်း တိုးများလာကာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ရှောင်စခန်း၁၂ခုကျော်ရှိပြီး စခန်းတစ်ခု၌ လူဦးရေ ၂၀၀နှင့် ၃၀၀ ဝန်းကျင်ရှိကာ တစ်ရက်လျှင် ဆန်၆တင်းကျော် ကုန်ကြောင်း ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။
” အခုက ၁ လလည်းမဟုတ်၊ ၂ လ လည်းမဟုတ်တော့ဘူး။နှစ်နဲ့ချီနေပြီ။ လိုအပ်ချက်တွေအများကြီးပါပဲ။ ဒီနေ့ပြီးသွားရင် နောက်နေ့ ဘယ်လိုကျွေးရမယ်။ ဘာနဲ့ကျွေးရမယ်ဆိုတာကလည်း ကျွန်တော်တို့အမြဲတမ်း စဥ်းစားနေရတာ။ စစ်ရှောင်စခန်းလက်ခံနေရတဲ့ ကျွန်တော်တို့ ခေါင်းခြောက်ရတာပဲ။ ပူပန်ရတာပဲ။အခုက စစ်ရှောင်ဦးရေ ပိုများလာတယ်။ လျော့သွားတယ်လို့ကို မရှိဘူး။ တစ်ရက်၊တစ်ရက် ပိုပြီးတိုးလာတယ်” ဟု ၎င်းကပြောသည်။
အိမ်မီးရှို့ခံရသဖြင့် ယာယီတဲထိုးပြီး နေထိုင်သူ ဒီပဲယင်းစစ်ရှောင် မပြုံးဆိုသူက စစ်ကြောင်း ငြိမ် သည့်အခါမှ အလုပ်ရှိလျှင် လုပ်ရသဖြင့် အဆင်မပြေကြောင်း ပြောသည်။
“အလုပ်ကလည်း အမြဲတမ်းမရှိဘူး။ တစ်ခါတလေလောက်ပဲရှိတယ်။ တချို့ကလည်း အဖွဲ့အစည်းတွေ ဘာတွေက လာကူညီပေးတာ။ ဆန်၊ဆီ၊ကုလားပဲ စတာတွေ ဝေတာလေးတွေကိုလည်း ချွေတာပြီး စားသောက်ရတာပဲ။ပိုက်ဆံရှိတဲ့သူတွေဆီကလည်း ချေးဌားပြီး သုံးရတာပဲ။ ရှိတဲ့အခုဆပ်ပေါ့ ။မရှိတော့လည်း အတိုးယူရတာပဲ။ အလုပ်ကလည်းမရှိ နိုင်ငံရေးကလည်း မကောင်းတော့ ဘာမှလုပ်ကိုင်စားသောက်လို့လည်း မရပါဘူး” ဟု ၎င်းကပြောသည်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ ပြီး အိမ်ထောင်စု ၅၇၅ စုရှိ မိသားစုဝင် ၃၀၀၀ ကျော်တို့မှာ အမြဲတမ်းစစ်ရှောင် အဖြစ် ရပ်တည်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးထံက သိရသည်။