စစ်ကိုင်းမြို့တွင် လမ်းသွားလမ်းလာ ပြည်သူများထံမှ ငွေတောင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းခွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ ကောင်းမှုတော် ဘုရားတောင်ဘက်တွင် ပြည်သူလူထုများ၏ ကားများ ၊ ဆိုင်ကယ်များကို ဖမ်းဆီး ငွေညှစ်ရန် ရောက်ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် အိမ်စီးကားလည်း မိုင်းထိမှန်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးအုပ်စု ကျွန်တော်တို့ အသင့်ပြင်ထားတဲ့ မိုင်းပွိုင့်နားကို ရောက်လာတာနဲ့ ထိထိမိမိဖောက်ခွဲ နိုင်ခဲ့တယ်။ စစ်ခွေး ၂ ကောင် နေရာမှာတင် သေဆုံးတယ်။ နောက်ထပ် အသေအပျောက်နဲ့ အပြင်းအထန် ထိခိုက်ဒဏ်ရာရတွေလည်းရှိတယ်။ မိုင်းခွဲ တိုက်ခိုက်တဲ့ အနီးနားမှာရပ်ထားတဲ့ စစ်ခွေးတွေမောင်းလာတဲ့ အိမ်စီးကားလည်း မိုင်းထိသွားတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံငါတောင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထံမှ သိရသည်။
ဇွန်လ ၁၁ရက်နေ့တွင် မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မတ္တရာမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့က Fixed Wings Drone ဖြင့် ဗုံးသီး ၁ဝ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။