မြစ်ကြီးနားမြို့၌ ရေပြန်ကျပြီးနောက် ဧရာဝတီမြစ်အောက်ပိုင်းရှိ မြို့များတွင် ရေကြီးနစ်မြုပ်မှု စတင်ရင်ဆိုင်နေရသည်။
မြစ်ကြီးနားမြို့၌ ရေပြန်ကျပြီးနောက် ကချင်ပြည်နယ်မှ ဗန်းမော်၊ ရွှေကူမြို့အပြင် စစ်ကိုင်းတိုင်းရှိ ကသာ၊ ထီးချိုင့်နှင့် မန္တလေးတိုင်းရှိ သပိတ်ကျင်းမြို့၊ စဥ့်ကူးမြို့တို့တွင် ရေကြီးနစ်မြုပ်မှု စတင်ရင်ဆိုင်လာရခြင်း ဖြစ်သည်။
” ဧရာဝတီရေက ရုတ်တရက်ကြီး တက်လာတာ။ အခုက စိုးရိမ်ရေမှတ်အထက် ၂ပေကျော်နေပြီ။ မြေနိမ့်ပိုင်းတွေ ရွှေ့နေရပြီ”ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။
ရွှေကူမြို့တွင်လည်း ဧရာဝတီမြစ်ရေ စိုးရိမ် ရေမှတ်အထက် နှစ်ပေကျော်နေပြီး ရေဆက် တက်နေကြောင်း ဒေသခံများက ပြောသည်။
ဗန်းမော်နှင့် ရွှေကူမြို့တို့တွင် ရေဘေးသင့် ပြည်သူ ၂,၀၀၀ကျော်ရှိနေသည်ဟု သတင်းရရှိသည်။
ဧရာဝတီမြစ်ရေသည် အထက်မှဆင်းလာပါက စစ်ကိုင်းတိုင်းရှိ ကသာ၊ ထီးချိုင့်၊ မန္တလေးတိုင်းရှိ သပိတ်ကျင်းမြို့၊ စဥ့်ကူးမြို့တို့ကိုလည်း ဖြတ်သွားသည်။
စဉ့်ကူးမြို့တွင် မြေနိမ့်ပိုင်းနေရာများရေကြီးနှစ်မြပ်မှုဖြစ်ပေါ်လာ၍ ဒေသခံများအတွက် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ဆောင်ထားကြောင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ စဥ့်ကူးမြို့နယ်တွင် မြို့ပေါ်နေရာမှလွဲ၍ ကျေးရွာအများစုကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထိန်းချုပ်ထားနိုင်သည်။
ကချင်ပြည်နယ်တွင် ဇွန်လကုန်က နေရာကွက်မိုးကြီးပြီးနောက် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့အပြင် ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပန်ဝါမြို့၊ဖားကန့်မြို့တို့တွင်လည်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်ခဲ့သည်။
ယခုအခါ အဆိုပါမြို့နယ်များ၌ ရေပြန်ကျပြီး အောက်ပိုင်းဒေသကြီးမြို့နယ်များတွင် ရေတိုးနေခြင်းဖြစ်သည်။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၌ ဇူလိုင် ၁၀ရက်ခန့်အထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယမန်နေ့က သတိပေးထားသည်။