စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ CDM ဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ကတော့ သူတို့နေထိုင်တဲ့ နေအိမ်ကိုပါ ချိပ်ပိတ်လိုက်တယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
လမ်းဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ ဝန်ထမ်းတွေဖြစ်ကြတဲ့ အသက် ၃၇ နှစ်အရွယ် ကိုအောင်ဆန်းဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် ဇနီးဖြစ်သူ မမျိုးစုသက်တို့ ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ခဲ့ပြီးနောက် စစ်ကိုင်းမြို့က နေအိမ်မှာပဲ ဆက်လက်နေထိုင်ကြသူတွေလို့ မြို့ခံတစ်ဦးကပြောပါတယ်။
“သူ့ရဲ့ မောင်ကိုလိုချင်လို့ ဖမ်းတာဖြစ်နိုင်သလို သူတို့က CDM တွေဖြစ်နေတာ။ မနက်ကတော့ အိမ်ကို ချိပ်ပိတ်သွားတယ်”ဟု အိမ်နားနီးချင်းတွေက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်ပတ်သတ်တာကြောင့် ဖမ်းဆီးလိုက်တာလို့ ရေးသားဖော်ပြကြပါတယ်။
လက်ရှိမှာ သူတို့ဟာ စစ်ကိုင်း မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေကပြောပါတယ်။