စစ်ကိုင်းမြို့ရှိ Hello မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီးပြီး ဆိုင်ချိတ်ပိတ်သွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဈေးလမ်းရှိ Hello ဖုန်းဆိုင်ကို စစ်ကောင်စီတပ်သား ရောက်လာပြီး ဆိုင်ရှင်ကိုဝေဖြိုး ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ည ၁၀ နာရီဝန်းကျင်တွင် ဖုန်းဆိုင်ကိုပါ လာရောက်ချိတ်ပိတ်သွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“မနေ့ညက စကစက အဖွဲ့လိုက်လာပြီး ချိပ်ပိတ်သွားတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆိုင်ရှင်ကိုဝေဖြိုးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)/၅၂(က)ဖြင့် ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။
၎င်းဖုန်းဆိုင်ပိုင်ရှင်သည် သလွန်ဖြူကျေးရွာမှဖြစ်ပြီး အဆိုပါရွာမှာ စက်တင်ဘာ ၁၃ရက်က သတ်ဖြတ်ခံရသည့် ဒုရဲအုပ်လင်မယား၏ မိဘရွာဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့၌ ဒုရဲအုပ်လင်မယားသတ်ဖြတ်ခံရပြီးနောက် သလွန်ဖြူကျေးရွာရှိ ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ထားသည်။