ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့် အထိမ်းအမှတ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ခုခံစစ် (၂)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့(စက်တင်ဘာ ၈ရက်)နံနက်တွင် PDFတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုပွဲပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ အတွင်းဝန်၊ ဒုအတွင်းဝန်အပါအဝင် အရပ်ဘက်၊ စစ်ဘက် တာဝန်ရှိသူများ၊ ပြည်သူ့သားကောင်းများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ပြည်သူ့သားကောင်း ၄၅၀ကျော်သည် ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များအဖြစ်ခံယူလျက် စစ်ရုံးချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်း ၄၅၀ကျော်တွင် ဗိုလ်မှူးအဆင့် အရာရှိများ လည်းပါဝင်သည်ဟု ဆိုသည်။
ယနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွင် PDF အလံနှင့်နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးများတွင် ကျဆုံးသွားခဲ့ရသော ရဟန်းရှင်လူ၊ မိဘပြည်သူ၊ ကျောင်းသားများနှင့်သူရဲကောင်းများကို အလေးပြုခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးတို့က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများ ကိုယ်စား ယခင်(ဗိုလ်မှူး) ယခုတပ်ရင်းမှူး ရဲဘော်စံလင်း (အထူးကွန်မန်ဒိုတပ်ရင်း) က ကျေးဇူးတင် ခွန်အားဖြည့်စကားပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် တော်လှန်ရေးအနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း အသိပေးထားသည်။