စစ်ကောင်စီကို အကျိုးပြုပြီး ပူးပေါင်းနေသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် – UMFCCI သည် အများပြည်သူအကျိုး ဦးစားမပေးကြောင်း သုံးသပ်တွေ့ရှိရ၍ UMFCCI ကို ဖွဲ့စည်းပုံနှင့်တ ကွ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
UMFCCI သည် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် အများပြည်သူအကျိုးကို ဦးစားပေးရန် တာဝန်ရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ တိုက်ရိုက်ကျူးလွန်ခြင်းများကို နည်းလမ်းအမျိုးမျိုးနှင့် အကျိုးပြုနေသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း NUG က ပြောသည်။
UMFCCI အနေနှင့် ယခု အမိန့် ထုတ်ပြန်သည့် ဒီဇင်ဘာ ၂၄ ရက်မှစ၍ အသင်း ချုပ်၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေတစွန်းတစကိုမျှ ထုတ်နုတ်သုံးစွဲခြင်း မပြုရန် တားမြစ်လိုက်ကြောင်း၊ ထို့ပြင် UMFCCI အဖွဲ့အစည်းတွင် ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊ ယင်းအဖွဲ့အစည်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်သော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို အကြမ်းဖက် စစ်တပ်အပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက သတိပေးသည်။