နိုင်ငံတကာအနေနဲ့ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပိတ်ဆို့မှုအပါအဝင် အပြစ်ပေးအရေးယူနိုင်ရေး ထိထိရောက်ရောက် ဝိုင်းဝန်းလုပ်ဆောင်ကြရန် တအာင်းအမျိုးသမီးအဖွဲ့ကအစည်း-TWO က တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်နေတဲ့ နေရာတော်တော်များများကို စစ်လေယာဉ်နဲ့ တိုက်ခိုက်တာ လက်နက်ကြီးငယ်နဲ့ တိုက်ခိုက်တာ ဒရုန်းတွေကို အသုံးပြုစောင့်ကြည့်ပြီး တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ အိုးအိမ်စည်းစိမ် နေရပ်ကျေးရွာတွေကို စွန့်ခွာဆုံးရှုံးကြရတယ်လို့ TWO ကပြောပါတယ်။
ဒါ့ကြောင့် အကြမ်းဖက် စစ်ကောင်စီမှ လေယာဉ်အသုံးပြု တိုက်ခိုက်တာတွေကို အမြန်ဆုံးရပ်တန့်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်စွာ ဟန့်တားပေးရန်လည်း TWOက မနေ့ညမှာ ထုတ်ပြန်တဲ့ အဖွဲ့ဖွဲ့စည်းမှု ၂၃ နှစ်ပြည့်ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအထိ တအာင်းဒေသအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ ထောင်ချတာ ၊ လူထုကို နေရပ်ဒေသမှ ထွက်ပြေးရအောင်လုပ်တာတွေ အပါအဝင် နိုင်ငံရေးအမှုများနဲ့ အမှုဖွင့်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ မှတ်တမ်းပြုစုထားချက်အရ ၁၆၇မှုရှိပြီး စစ်ရှောင်ဒုက္ခသည် ၂သောင်းနီးပါး ရှိပါတယ်။
ဒါကြောင့် နိုင်ငံတကာအလှူရှင်များမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို အကြမ်းဖက် စစ်ကောင်စီမှတစ်ဆင့် ကူညီပေးရေးကို ရပ်တန့်ပြီး လူထုတွေနဲ့နီးကပ်စွာ အလုပ်လုပ်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းများထံ တိုက်ရိုက် ပံ့ပိုးကူညီပေးရေးအတွက် ထိရောက်တဲ့ နယ်စပ် ဖြတ်ကျော်ရေး အစီအစဉ်တွေကို ချမှတ်အကောင်အထည်ဖော်ဖို့ TWO က ကြေညာချက်မှာတောင်းဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ တအာင်းဒေသအပါအဝင် နိုင်ငံတွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကို ပိုမိုဦးတည်တိုက်ခိုက်လာပေမယ့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ရည်မှန်းချက်တူတဲ့ မဟာမိတ် အဖွဲ့များနဲ့အတူတကွ စွမ်းစွမ်းတမံ ကြိုးစားတိုက်ထုတ်သွားမယ်လို့ TWO ကပြောပါတယ်။