စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ခမောက်ငယ်ရွာက အသက်ကြီးပိုင်းအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ခမောက်ငယ်ကျေးရွာအနီးမှာရှိတဲ့ ဒေသအခေါ် နံပါတ် ၈ ချောင်း၊ ရေကျော်လို့ခေါ်ဆိုတဲ့ နေရာမှာ ဥယျာဥ်ခြံလုပ်ကိုင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးခင်မြင့်ဟာ စက်တင်ဘာလ ၂၁ ရက်မနက် ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ချိန်မှာ အခုလို ထိမှန်သေဆုံးတာဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေကို ဝါဒဖြန့်နေတဲ့ ဝက်ဘ်ဆိုက် နဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ PDF တွေကပစ်သတ်ခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။
ကော့သောင်းပကဖ မြေပြင်ရဲဘော်တစ်ဦးကတော့ “ စစ်ကောင်စီက တော်လှန်ရေးလမ်းကြောင်းကို ပြည်သူတွေ အထင်မှားအောင် မဟုတ်မမှန်ပြောဆိုနေတာ ဖြစ်တယ်” လို့ တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခမောက်ငယ်ရွာအနီး၊ ဒေသအခေါ် နံပါတ် (၂) ချောင်း၊ ရာဘာခြံမှာ အလုပ်လုပ်နေကြတဲ့ ဒေသခံ ၃၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
အခုလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ စစ်ကောင်စီဘက်က ခမောက်ငယ်ရွာ၊ ချောင်းဝရွာ၊ မလိဝမ်းရွာတွေဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ နဲ့လည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
လက်တလော စစ်ရေးအခြေအနေတင်းမာမှုတွေကြောင့် ထိုင်းဘက်ကို အရေးပေါ်စစ်ရှောင်တဲ့ ဒေသခံဦးရေ ၃၀၀ ဝန်းကျင်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။