အာဏာသိမ်းစစ်ကောင်စီက မန္တလေးနန်းမြို့ကျုံးအတွင်း သီတင်းကျွတ်ပျော်ပွဲ၊ရွှင်ပွဲများ ပြုလုပ်ပြီး တိုင်းပြည်သာယာနေသယောင် ဝါဒဖြန့်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။
စစ်ကောင်စီက မန္တလေးနန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဥ်တွင် သီတင်းကျွတ်ပွဲတော်ကို လာမည့်သီတင်းကျွတ်လပြည့်နေ့မတိုင်မီနှင့် လပြည့်နေ့တို့၌ ကျင်းပသွားရန်စီစဥ်နေခြင်းဖြစ်သည်။
ဆီမီးထွန်းခြင်း၊ မီးရှုးမီးပန်းဖောက်ပြီး မီးပုံးပျံလွှတ်ခြင်း၊ ကျုံးရေပြင်၌ ဆီမီးထွန်းကာ ရေမျှောခြင်း၊ ခြင်းအလှခတ်ပွဲ၊ ဆင်အက၊ တေးဂီတဖျော်ဖြေပွဲ၊ စတုဒိသာများဖြင့် ကျင်းပသွားရန်စီစဥ်နေသည်ဟု စစ်ကောင်စီက ဝါဒဖြန့်သည်။
မန္တလေးနန်းတွင်း စစ်ကြောရေးရုံး၌ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်နေပြီး ကျုံးပြင်ပ၌ ပျော်ပွဲ၊ရွှင်ပွဲများ ပြုလုပ်ကာ ဖုံးဖိနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။
သာမန်ရက်များ၌ပင် စစ်ကောင်စီက စီစဥ်ပေးထားသည့် ကျုံးအရှေ့ဘက်ခြမ်းတွင် ပြည်သူများ သွားလာလည်ပတ်စားသောက်လေ့ရှိကြောင်း မြို့ခံအချို့က ပြောသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ တော်လှန်ရေးနဲ့ကင်းကွာမသွားတဲ့လူထုကို ပိုပြီးလိုလားတောင်းတပါတယ်။ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်စည်းရုံးတဲ့ပွဲတော်တွေကြား ပါဝင်နေတာတွေကိုတော့ စိတ်မကောင်းပါဘူး။”ဟု မြနန္ဒာစစ်ဆင်ရေးရဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့ပေါ်၌လည်း အာဏာသိမ်းစစ်အုပ်စုကို မြို့ပြပြောက်ကျားအဖွဲ့အချို့က တော်လှန်တိုက်ခိုက်နေပြီး အောက်တိုဘာလ ၁၈ ရက်ကလည်း မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ခံပြီး သေဆုံးခဲ့သေးသည်။