ကရင်နီ(ကယား)ပြည်နယ်၊မော်ချီးမြို့အနီး စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇွန် ၂၈ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ထက်မနည်း မော်ချီးလမ်း ပိုင်း ၁၀ မိုင်ခန့်တွင် ဗုံးကျဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“မယ်စဲ့ ကို တိုးချင်တာ မရလို့ လမ်းကြောင်း လာရှင်း တာလို့ ပြောလို့ရတယ်။အဲဒီဘက် တိုက်ပွဲက တော့မရှိဘူး။ဒါပေမယ့် စကစ ခြေလျင်တပ်တွေအနေနဲ့ သံလွင် ကို ဖြတ်ဖို့ က ခတ်နေတာဆိုတော့ ရတဲ့နည်းနဲ့ဝင်ဖို့ လမ်းကြောင်း ရှာနေတာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။
သို့သော် ယနေ့ နေ့လည်ပိုင်းကစစ်ကောင်စီတပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိ၊မရှိကိုမူမသိရသေးပေ။
မယ်စဲ့မြို့ ရှိ စစ်စခန်းအားလုံးကို ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ထားသည်ဟုလည်း ဒေသခံအချို့ကပြောသည်။
“ကရင်နီ နဲ့ ပတ်သက်လို့ အထိနာနေတော့ ဝင်ပေါက်ထွက်ပေါက်တွေကို ပတ်ပတ်လည် ပိတ်ချင်ပုံရတယ်။နောက်ပြီး အခု ရက်ပိုင်း စစ်ကောင်စီက လွိုင်ကော်ကိုလူရော၊ ရိက္ခာရော တော်တော်ပို့နေတယ်။ တိုက်ပွဲကတော့နေရာမရွေး ဆက်ဖြစ်နိုင်သလို ပြင်းထန်တဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာဖို့ရှိတယ်”ဟု ကရင်နီရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် ဇွန် ၂၇ ရက်နံနက်ပိုင်းကစ၍ လွိုင်ကော်၊မိုးဗြဲနှင့် ဒီးမော့ဆို မြို့များ၌စစ်တပ်ပိုင်သည့် Mytel ဆက်သွယ်ရေးလိုင်းမှအပကျန်ရှိသည့်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားကြောင်းဒေသခံများကပြောသည်။