မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျည်းကန်ကျေးရွာအနီး နွားထိုးကြီး-မလှိုင်သွား ကားလမ်းဘေးမှာ စစ်ကောင်စီက လက်နက်ပေးထားတဲ့ ပျူစောထီးဆိုသူ ၂ ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇွန်လ ၁၆ ရက် နေ့လည် ၁ နာရီခန့်မှာ သုံးတောင်ကျေးရွာမှမကျီးကန်ကျေးရွာကို ထော်လာဂျီနဲ့သွားတဲ့ ပျူစောထီးဆိုသူ ဦးဌေးလှိုင် ၅၅ နှစ်၊ ဦးမောင်ညို ၆၉ နှစ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“သူတို့သွားမယ်ဆိုတာ သတင်းရလို့ လမ်းကနေ စောင့်ပြီး ရှင်းလိုက်တာ။ သူတို့လာတာ ထော်လာဂျီတွေနဲ့ကော ဆိုင်ကယ်တွေနဲ့ကောဘဲ အမျိုးသမီးတွေလဲပါတယ်။ ကျန်သူတွေကို ပြန်လွှတ်ပြီး သူတို့ နှစ်ယောက်ကိုဘဲ ရှင်းလိုက်တာ” လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီ ၂ ဦးကို ဦးခေါင်းကိုဘဲ ရွေးပြီးပစ်ခတ်ခဲ့လို့ နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ရှင်းလင်းပြီးချိန်မှာ စစ်ကောင်စီဘက်က ထုတ်ပေးထားတဲ့ ပွိုင့်တူတူး လက်လုပ်သေနတ်တလက်၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ဌာနချုပ်က သေနတ်ထုတ်ပေးထားကြောင်း စာရွက်စာတမ်းတခု သိမ် းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၂ ဦးဟာ သုံးတောင်ကျေးရွာက ဖြစ်ပြီး လက်နက်ရှိ ပျူတွေဖြစ်တာကြောင့် ကျေးရွာအတွင်း လျှပ်စစ်မီးကိစ္စ၊ စိုက်ဘဏ်ချေးငွေ ကိစ္စတွေမှာ ပြည်သူတွေကို ဖိအားပေးတာနဲ့ PDF တွေကို ရွာသားတွေဘက်က မထောက်ပံနိုင်၊ မကူညီနိုငိအောင် လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရှင်းလင်းခံရတဲ့ ၂ ဦးရဲ့ ပျူစောထီးနဲ့ပတ်သက်ပြီး သီးခြားအချက်အလက်များကို မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဖေဖော်ဝါရီ ၁၇ ရက်က နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအနီး အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေဘက်က ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ရာ ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။