၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသား ၁၉ ယောက်အနက် ၁၆ ဦး ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး ၂ ဦးကတော့ စစ်ကြောရေးကာလအတွင်း နှိပ်စက်မှုတွေနဲ့ အသက်သေဆုံးခဲ့ရပြီး တစ်ဦးကတော့ ထောင်တွင်း ဆေးကုသမှု မခံယူရလို့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။
စစ်ကောင်စီက ရွာသားတွေကို ဖမ်းဆီးချိန်အခါမှာ ၁၉ ဦးလုံးကို မျက်လုံးကို အ၀တ်နဲ့ပိတ်ပြီး ကြိုးနဲ့တွဲချီကာ ရွာလယ်လမ်းအတိုင်း ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး တောင်ကြီးမြို့ အမှတ်(၁)ရဲစခန်းမှာ ဖမ်းဆီး နှိပ်စက်မှုတွေလုပ်ခဲ့တာကြောင့် လူ(၂)ဦး သေဆုံးခဲ့ရတာပါ။
ရွှေပြည်အေး ရွာသား(၁၇)ဦးကိုတော့ အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချခဲ့ပြီး တောင်လေးလုံးအကျဉ်းထောင်မှာ ဖမ်းဆီးထားရာက ပြန်လည် လွတ်မြောက်လာတာလို့ သိရပါတယ်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၆၆၅၄ ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး ၆၂၂၀ ဦးပြန်လည်လွှတ်မြောက်လာကာ အကျဉ်းထောင်အတွင်း ၂၀၄၃၄ ဦး အကျဉ်းထောင်တွင်း ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။