စစ်ကောင်စီက ဇူလိုင်လ ၂၀ ရက်နေ့မှာ CDM မီးရထားဝန်ထမ်း ဇနီးမောင်နှံ ၂ ဦးစလုံးကို ပုဒ်မ ၅၀ (စျ) ၅၄ နဲ့ သေဒဏ်၊ ပုဒ်မ ၅၁(ဂ)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ပြီး ပြစ်ဒဏ်များကို တပြိုင်တည်း ကျခံစေရမယ်လို့ အမိန့်ချမှတ် ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခုလို စစ်ကောင်စီက CDM မီးရထားဝန်ထမ်းနဲ့ ဇနီးကို သေဒဏ်အပြင် ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချမှတ်လိုက်တဲ့ အပေါ် လုံးဝ ကန့်ကွက် ရှုတ်ချကြောင်းနဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု-MLA က ထုတ်ပြန်ကြေညာပါတယ်။
CDM မီးရထား ဝန်ထမ်း ဦးကောင်းထက်(ခ) ဖိုးစီနဲ့ ဇနီးဖြစ်သူ ဒေါ်ချမ်းမြေ့သူ (ခ) ဂျူးဂျူး တို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကြောရေးမှာ အမျိုးမျိုး နှိပ်စက်ကာ ပြစ်ဒဏ်များ တပြိုင်တည်း ကျခံစေရမယ်လို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။