စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာတဝိုက်က ဒေသခံ တစ်ထောင်ကျော် နေအိမ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ဟာ အရှေ့မော်တုန်းကျေးရွာတဝိုက်ကို ရောက်ရှိလာတာပါ။
အဲဒါကြောင့် အရှေ့မော်တုန်းဒေသခံတချို့နဲ့ ချောင်းရဲ့တဖက်မှာရှိတဲ့ အနောက်မော်တုန်းဒေသခံအများအပြား ဒီနေ့မနက်မှာထွက်ပြေးတိမ်းရှောင်နေတာပါ။
“အဓိကကတော့ အနောက်မော်တုန်းရွာပေါ့နော်။ တိုက်ပွဲဖြစ်ရင် ဒီဖက်ကမ်းနဲ့ဖြစ်နိုင်တာဆိုတော့ စိုးရိမ်ကြတာ။ တမနက်တည်းနဲ့ရွာမှာလူ နည်းနည်းပဲကျန်ပြီ” လို့အနောက်မော်တုန်းဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အနောက်မော်တုန်းရွာမှာ ဒေသခံနဲ့တခြားရွာတွေကစစ်ဘေးရှောင်လာသူ တစ်ထောင့်ငါးရာဝန်းကျင်နေထိုင်ပြီး လက်ရှိကတော့တစ်ထောင်ကျော်လောက်ကတိမ်းရှောင်နေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလက်ရှိ အရှေ့မော်တုန်းကျေးရွာအုပ်စုထဲက ဘန်းလမွတ်၊ ထုံနွယ်၊ ရွာမနဲ့ အန္ဒာပြင်ရွာတွေမှာ အင်အားဖြန့်ကျက်ထားပြီး ဥယျာဥ်ခြံတွေအထိဝင်ရောက်သွားလာနေတယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာအရင်က ကျွဲသုံးပေါင်ရွာဘက်မှာရှိနေတဲ့စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ အရှေ့မော်တုန်းရွာဘက်ကို ရောက်ရှိလာတာပါ။
ဒီနေ့နေ့လယ်ပိုင်းအထိတော့ ပစ်ခတ်မှုဖြစ်ပွါးတာမျိုးမရှိသေးဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအလယ်ပိုင်းကလည်း စစ်ကောင်စီတပ်တွေရှိတဲ့အရှေ့မော်တုန်းကမ်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနောက်မော်တုန်းကမ်းတို့တိုက်ပွဲတွေဖြစ်ပွါးခဲ့ဖူးပါတယ်။