သရက်ချောင်းမြို့နယ်ထဲက ကမ်းခြေရွာတွေဖြစ်တဲ့ ကနက်သီရိနဲ့ ကျွဲမင်းကုန်းကျေးရွာအုပ်စုတွေထဲကို စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံ အိမ်ထောင်စု နှစ်ထောင်ကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကနက်သီရိရွာထဲကို ကုန်းလမ်းအပြင် ဝါလတ်လှေ နှစ်စီး၊ သမ္ဗာန်စက်လှေ တစ်စီးနဲ့လည်း ရေလမ်းကနေ မနေ့က ညသန်းခေါင် အချိန်လောက်က ဝင်ရောက်လာခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ ကုန်းလမ်းကဝင်လာတဲ့ စစ်ကြောင်းဟာ ကနက်သီရိရွာနဲ့ ကပ်ရပ်မှာ ရှိတဲ့ ကျွဲမင်းကုန်ရွာကို လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ရောက်နေတာဖြစ်ပါတယ်။
“ညကတည်းက ကိုယ့်အချင်းချင်း ဘယ်သူဘယ်ဝါဆိုတာ မမြင်ဘူးထွက်ပြေးနေရတာ။ မီးလည်းမထွန်းရဲဘူး။ မြင်မီးရောင်မြင်တာနဲ့ နှစ်ဖက်ညှပ်လှမ်းလှမ်းပစ်နေတာ။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဝင်ရောက်လာလို့ ညကတည်းက အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကနက်သီရိကျေးရွာအုပ်စုဟာ ရပ်ကွက် ၈ ခုရှိပြီး အိမ်ထောင်စု ၁,၄၄၉ စုရှိတယ်လို့ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းက ဖော်ပြပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာအုပ်စုနဲ့ ကပ်ရပ်ရှိတဲ့ကျွဲမင်းကုန်းကျေးရွာအုပ်စုကလည်း စစ်ကောင်စီစစ်ကြောင်းကြောင့် စစ်ဘေးရှောင်ပြေးနေရတဲ့ အိမ်ထောင်စု ၅၁၀ စု ရှိိပါတယ်။
စစ်ကောင်စီတပ်သားတွေရောက်ရှိနေတဲ့ရွာတွေဟာ ပင်လယ်ကမ်းခြေရွာတွေဖြစ်တာကြောင့် ဒေသခံတွေဟာ ရေလမ်းကိုအသုံးပြုပြီး အဓိကထွက်ပြေးတိမ်းရှောင် နေရတာကြောင့်ဒီရေကျချိန်တွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီသယ်ထုတ်ပေးနေသူတစ်ဦးက “အခုမနက်ရောက်တော့ ရေကကျနေပြီ။ ရေတက်ချိန်ဆို လှေနဲ့သယ်လို့ ရသေးတယ်။ အခုက ရေကျနေတော့ ရွှံ့တောထဲကနေလမ်းလျှောက်ပြီး တစ်ယောက်ချင်းသယ် ထုတ်နေရတယ်။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကတော့ ဒီကနေ့ မွန်းလွဲပိုင်းအထိ ကျေးရွာတွေထဲက နေအိမ်တွေကို မွှေနှောက်ရှာဖွေနေဆဲဖြစ် တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း စစ်ကောင်စီတပ်သားအင်အားအများအပြားဟာ ရေလမ်းကနေ စစ်ကြောင်းဝင်ရောက်လာတာတွေရှိခဲ့လို့ ကနက်သီရိကျေးရွာအုပ်စု တစ်ခုလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။