ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကြောင်းလှုပ်ရှားနေသည့် ခမရ ၅၆၉ စစ်ကောင်စီတပ်ရင်းမှ စစ်သားများက ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီကျော်အချိန်ခန့်တွင် ဆွန်လုံရွာမှ ကလေးမိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကိုလည်း ခင်ပွန်းရှေ့၌ မဖွယ်မရာ ပြုမူကိုင်သွယ်ခဲ့ကြောင်း သိရသည်။
ကလေး ၂ ယောက်၏ မိခင်၊ အသက် ၃၀ နှစ်ခန့်အရွယ် အမျိုးသမီးကို စစ်ကောင်စီစစ်သားများက အဓမ္မပြုကျင့်ခဲ့သလို ကလေးတစ်ယောက်၏ မိခင် အသက် ၂၀ နှစ်ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း လင်ယောကျ်ားဖြစ်သူကို ကြိုးချည်ထားကာ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်အား မဖွယ်မရာကိုင်သွယ်ပြုကျင့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျူးလွန်ခဲ့သည့် စစ်သားများကို စစ်ကြောင်းမှူးက ရိုက်နှက်ထိုးကြိတ်ဆုံးမခဲ့ပြီးနောက် ရွာသားများကိုလည်း ယင်းအဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မပြုကြရန် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။