ပြီးခဲ့တဲ့လအတွင်း တနင်္သာရီတိုင်းအတွင်းက နေအိမ်သုံးဆောင်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ဘာသာရေးအဆောက်အဦတချို့လည်း ပျက်စီးခဲ့တာ ရှိပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက်အလက်တွေအရ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာက နေအိမ်သုံးဆောင်ကို စစ်ကောင်စီက ရွာထဲစစ်ကြောင်းဝင်ရင်းမီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ထားဝယ်မြို့နယ်ပိုင် တောင်သုံးလုံးရွာက ဓမ္မာရုံအဆောက်အဦလည်း ပျက်စီးခဲ့တာ ရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထားဝယ်မြို့နယ်၊ ရွှေချောင်းရွာက နေအိမ်တစ်ဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဝကုန်းရွာခံ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးက “ကျမတို့အိမ်တွေ မပါသေးပေမယ့် စိတ်ချလက်ချမနေနိုင်ဘူး။ နွေကာလလည်းရောက်နေပြီဆိုတော့ ရိုးရိုးမီးဘေးလည်းပူရတယ်၊ စစ်တပ်မီးဘေးလည်းပူရတယ်။” လို့ ပြောပါတယ်။
တိုင်းအတွင်းမှာ မီးလောင်ပျက်စီးမှုတွေအပြင် လိပ်ကြယ်ပြောင်ရွာ၊ သင်္ကန်းတုံးရွာနဲ့ ထားဝယ်မြို့ပေါ်ရက်ကွက်ဖြစ်တဲ့ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းထဲက နေအိမ်တွေက အိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း စစ်ကောင်စီစစ်ကြောင်းက တပ်သားတွေ အဓမ္မဝင်ယူသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သက်ဆိုင်ရာဒေသခံတွေဆီက သိရပါတယ်။
မီးရှို့တဲ့ ဖြစ်စဉ်တွေထဲမှာ တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီစခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တာလည်း ရှိပါတယ်။ အဲဒါကတော့ စစ်ကောင်စီတွေ စွန့်ခွါသွားတဲ့ ထားဝယ်မြို့နယ်ထဲက မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပျက်စီးခဲ့ရတဲ့နေအိမ်တွေအပါအဝင် မတော်တဆမှုကြောင့်အိမ် မီးလောင်တာလည်း ရှိခဲ့ပါတယ်။ မြိတ်မြို့ ဇေယျာသီရိ ၄ ရပ်ကွက်မှာရှိတဲ့ ဂရုဏာနာရေးကူညီမှုအသင်းရုံးခန်းမီးလောင်ရာကနေ အသင်းအဆောက်အဦတစ်ခုလုံးနဲ့ အနီးအနားက နေအိမ်ခုနှစ်ဆောင် မီးလောင်ခဲ့ပါတယ်။
အခုနှစ်အစ နှစ်လအတွင်းမှာတော့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကမီးရှို့ခဲ့တဲ့ နေအိမ်တစ်ရာကျော်ရှိနေပြီး လောင်းလုံးမြို့နယ်က နေအိမ်တွေအများဆုံးပါဝင်ခဲ့ပါတယ်။