စစ်ကောင်စီတပ် ယနေ့(အောက်တိုဘာ ၉ ရက်) နံနက် ၆ နာရီခန့်ကစ၍ မိုးဗြဲ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မိုးဗြဲ PDF က ထုတ်ပြန်သည်။
ထို့ကြောင့် မိုးဗြဲမြို့အနီးတဝိုက်ရှိ ပြည်သူများသည် သတိရှိစွာသွားလာ၊နေထိုင်ကြရန် မိုးဗြဲ PDF က အသိပေးသည်။
“မနက် ၅ နာရီကျော်လောက်ကတည်းကလက်နက်သံတွေကြားတာပေါ့။အခု (နံနက် ၉ နာရီ)ထိ လည်း ပစ်နေကြတုန်း”ဟု မိုးဗြဲ မြို့ခံတစ်ဦးက လူထုနွေဦးသို့ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ၊မရှိ နှင့် စစ်ကောင်စီ၏ လက်နက်ကြီးများပစ်ခတ်နေခြက်းကိုမူ မိုးဗြဲ PDF က မှတ်ချက်မပြုသေးပေ။
ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် -PNO ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲ မြို့ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။
ထို့နောက် မိုးဗြဲမြို့အတွင်းရှိ ပွဲကုန်း (၂)၊ ပွဲကုန်း (၃)၊ စည်ကား (၁)၊ စည်ကား (၃)၊ ဒုန်းဒူထန်၊ စက်တော်ရာရာ နှင့် စုပေါင်းရပ်ကွက်များတွင် တပ်စွဲခဲ့သည်။စစ်ကောင်စီတပ်စွဲသည့်နေရာများ၌ မိုင်းများစွာ ထောင် ထားသည်ဟုလည်း မိုးဗြဲ PDF က အသိပေးသည်။
ထို့အတူ စစ်ကောင်စီကထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုလျက်ရှိသော မိုးဗြဲ-နန်းမယ်ခုံလမ်းကို ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။