စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရေဖြူမြို့နယ်၊ နွယ်လီရွာက မိန်းကလေးငယ်တစ်ဦး ထိမှန်၊ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကည ၁၀ နာရီလောက်မှာ နွယ်လီရွာ၊ ကျောက်ရှပ်ရွာ၊ ဇင်းဘာရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် နွယ်လီရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ ပေါင်မှာ ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ကျည်ကျပေါက်တဲ့နေရာက အိမ်နဲ့ ၁၀ ပေလောက်ပဲ ဝေးတယ်။ ကျတဲ့နေရာက သင်္ဘောပင်နှစ်ပင်ဆို ကြေမွနေတာပဲ။” လို့ ဒေသခံတစ်ဦးက ကျည်ကျရောက်ပေါက်ကွဲတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
မနေ့ ညကတည်းက လက်နက်ကြီးကျည်စစင်ကာထိခိုက်၊ ဒဏ်ရာရခဲ့ပေမဲ့ ညဘက်အပြင်မထွက်ရဲတာကြောင့် ဒီကနေ့မနက်ရောက်မှသာ ဆေးရုံတစ်ခုမှာ ကလေးငယ်ကို ပြသပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။
ကလိန်အောင်မြို့အခြေစိုက် ခမရ(၄၀၈)၊ ခမရ(၄၀၉)၊ ခမရ(၄၁၀)တပ်ရင်းတွေကနေ လက်နက်ကြီးပစ်သံ ၁၀ ချက်ထက်မနည်းကြားရပေမဲ့ ကျရောက်ပေါက်ကွဲသံက ၃ ချက်လောက်သာကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ခုရက်ပိုင်း ရွာထဲမှာ တော်တော်လေး မအေးချမ်းဘူး။ လက်နက်ကြီးပစ်သံပဲ ကြားရတာ။ ပေါက်သံလည်း မကြားရ။ ဘယ်ချိန် ထပေါက်မယ်တော့ မပြောတတ်ဘူး။” လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။
ကလိန်အောင်မြို့အခြေစိုက်တပ်ရင်းတွေ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်လို့ ထင်ရတဲ့ နေရာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ ကင်းလှည့်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ကလိန်အောင်မြို့အနီးမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ယာဥ်တန်းက စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် နွယ်လီရွာက အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးရဲ့ ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။