ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က အခြေခံ စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ဆောင်ခွင့် ပိတ်ပင်ထားလို့ ဖရူဆိုမြို့နယ် အနောက်ခြမ်းဒေသမှာ ဆေးဝါး ပြတ်လပ်နေတယ်လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဆေးမှူး တစ်ဦးက ဒီကနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းက စပြီး ဖရူဆို-ဒီးမော့ဆို-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေသလို စစ်တပ်က ဂိတ်တွေချပြီး စားနပ်ရိက္ခာနဲ့ ဆေး၀ါး သယ်ဆောင်မှုတွေ ကန့်သတ်ထားတာကြောင့် အခုလို ဆေး၀ါး ပြတ်လပ်နေတာလို့ ဆိုပါတယ်။
“ဆေးတွေက ပြတ်တောက်နေတာ တိုက်ပွဲတွေ ပြန်ပြင်းထန်နေတဲ့ ဩဂုတ်လ နှောင်းပိုင်း ကတည်းကပဲ။ ပြတ်တောက်နေတယ် ဆိုတာထက် လုံး၀ မရတော့တာလို့ ပြောရင် ပိုမှန်မယ်။ ရှိတာလည်း ပါရာစီတမော ဒိတ်လွန်တွေ။ အခုက ဘာဖြစ်ဖြစ် ပါရာ သောက်ပျောက် ဆိုပြီး လုပ်နေရတယ်။ အရင်တည်းက လောက်တာတော့ မလောက်ပေမဲ့ အခုလောက်တော့ အခြေအနေမဆိုးဘူး” လို့ သူကရှင်းပြပါတယ်။
ဖရူဆိုမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ဖရူဆို အနောက်ခြမ်း စစ်ရှောင် စခန်းတွေမှာ ပြည်သူ ၆,၀၀၀ ကျော် ခိုလှုံနေရတာ ၂ နှစ်ကျော်ကြာပြီဖြစ်ပြီး လက်ရှိ ရာသီအကူးအပြောင်း ကာလ အတွင်း ရာသီတုပ်ကွေး အဖြစ်များလို့ ဆေးဝါး လိုအပ်ချက် မြင့်တက်နေတယ်လို့ သိရပါတယ်။
ဖရူဆို အနောက်ခြမ်း စစ်ရှောင်စခန်း တစ်ခုမှာ နေထိုင်တဲ့ အသက် ၄၀ ၀န်းကျင် အမျိုးသား တစ်ဦးက “ ကျွန်တော်တို့မှာ ဘာဆေးမှကို မရှိတာ။ ဟိုရက်ကဆို ခေါင်းကိုက်တာ။ ဒါလည်း ပါရာစီတမောပဲ သောက်ရတာပဲ” လို့ ပြောပါတယ်။
အရင်က စစ်ရှောင်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ဆက်စပ် ပစ္စည်းတွေကို တောတွင်း မှောင်ခို လမ်းကြောင်းတွေက သယ်ဆောင်လေ့ရှိပေမဲ့ လက်ရှိ တိုက်ပွဲတွေကြား သယ်ယူဖို့ ခက်ခဲနေသလို အလှူရှင်တွေ နည်းပါးလာတာက စိန်ခေါ်မှု တစ်ရပ် ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။