ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတွေကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတာ တစ်လနီးပါးရှိပြီလို့ Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက်ကစပြီး ဒီကနေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်က ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲ၊ ရေတံလျောက်စခန်းနဲ့ ဖိုးချိမူအမြှောက်ကုန်းစခန်း တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင်မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွတံတားဂိတ်နဲ့ ရဲစခန်းတွေကို KNU ရဲ့ ဦးဆောင်မှုနဲ့ အတူ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ရဲ့ထုတ်ပြန်ချက်မှ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲတွေမှာ Cloud Wings ဒရုန်းတပ်ဖွဲ့က ၁၀၇ မမ ဗုံးသီး၊ ၈၁ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီး စတဲ့ ဗုံးသီးပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေရှိရာနေရာတွေကို ထိထိရောက်ရောက်ကြဲချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“တစ်လနီးပါး အချိန်အတွင်းမှာ ကျနော်တို့ Cloud Wings တပ်ဖွဲ့ဝင်တွေ မနားတမ်း တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။ ခုထိလည်း ဆက်လက်တိုက်ပွဲ ဝင်နေဆဲပါပဲ” လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုငြိမ်းက ပြောပါတယ်။
KNLA ဦးစီးမှုအောက်မှာရှိတဲ့ ပူးပေါင်းစစ်ကြောင်းတွေနဲ့ အတူ ပါဝင်တိုက်ခိုက်နေတဲ့ Cloud Wings အဖွဲ့ရဲ့ဒရုန်းတွေဟာ တစ်လနီးပါးကာလအတွင်း အကြိမ်ပေါင်းရာချီပျံသန်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။