အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းများ အပါအဝင် မြို့သိမ်းတိုက်ပွဲများဆင်နွှဲပြီး အောင်မြင်မှုရနေသည့် တအာင်းတပ်မတော် (PSLF/TNLA)က အခြေခံ ရဲသင်တန်းဆင်းပွဲနှင့် ထွေအုပ်ရုံး စီမံမှုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ အုပ်ချုပ်ရေးဌာနမှဦးစီးဖွင့်လှစ်သည့် အပတ်စဉ်(၄) အခြေခံရဲသင်တန်းနှင့် အပတ်စဉ် (၈) အထွေထွေအုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးစီမံမှုသင်တန်းဆင်းပွဲအား ဒီဇင်ဘာ ၂၄ရက်တွင် ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
သင်တန်းဆင်းပွဲသို့ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူးဇာရ်း၊ တွဲဖက်အတွင်းရေးမှူး (၂) ဒုတိယဗိုလ်မှူးကြီး တားပန်လနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
အခမ်းအနားသို့ PSLF/TNLA တွဲဖက်အတွင်းရေးမှူး (၂) ဒုတိယဗိုလ်မှူးကြီး တားပန်လ တက်ရောက်အမှာစကား ပြောကြားခဲ့ရာ ပြည်သူလူထု၏ဘဝလုံခြုံရေးနှင့် ဥစ္စာအိုးအိမ်လုံခြုံရေး၊ လူမျိုးခွဲခြားမှုမရှိဘဲ တန်တူထားကာ စီမံအုပ်ချုပ်ရေး ပြုလုပ်ရန် ပြောကြားခဲ့သည်။
ရုံးလုပ်ငန်းများ အချိန်နှင့်တပြေးညီမြန်ဆန်စေရန် လည်း အထွေထွေအတွင်းရေးမှူး (၂)က မှာကြားခဲ့သည်။
ရဲလုပ်ငန်းပိုင်းဆိုင်ရာပညာများရပ်များပိုမိုတတ်ကျွမ်းရန်၊ ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန်နှင့် အုပ်ချုပ်ရေးလုပ်ငန်းကို ဥပဒေနှင့်အညီ ဦးဆောင်နိုင်သည့် လူ့အရင်းအမြစ်များ မွေးထုတ်ရန်၊ ရုံးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ သင်တန်းကျောင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု TNLAက အသိပေးသည်။
သင်တန်းကာလ (၆)လကြာမြင့်ခဲ့ပြီး အခြေခံရဲသင်တန်းကျောင်းတွင် သင်တန်းသား (၃၈)ဦးနှင့် ရုံးစီမံမှုသင်တန်းသား (၄၈)ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း ထုတ်ပြန်သည်။
ယခုဖွင့်လှစ်ခဲ့သည့် အခြေခံရဲသင်တန်းကျောင်း သည် စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး လုပ်ငန်းသင်တန်းသည် အဌမအကြိမ်မြောက် ဖွင်လှစ်ခဲ့ခြင်းဖြစ်ရာ သင်တန်းကျောင်းမှ ရဲ သင်တန်းသူ သင်တန်းသား စုစုပေါင်း (၁၆၆)ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးစီမံမှုသင်တန်းသား (၂၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။
သင်တန်းဆင်းကျောင်းသားများအား တအာင်းပြည်နယ်အတွင်းရှိ ရပ်ရွာ၊ မြို့နယ်နှင့် ခရိုင်အသီးသီးအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးများတွင် တာဝန်ပေးအပ်ချထားသွားမည်ဖြစ်သည်ဟုဆိုသည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲလျက်ရှိရာ အောက်တိုဘာ ၂၇ရက်မှ ယနေ့ ဒီဇင်ဘာ ၂၅ရက်အထိ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၆၀ကျော်ကို သိမ်းပိုက်ထားကာ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းလုံမြို့ ၄မြို့ကို အလုံးစုံထိန်းချုပ်ထားသည်။