ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက် ဖြစ်တဲ့ မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုကို ညီနောက်မဟာမိတ်တပ်တွေ ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
မနေ့က နမ့်ခမ်းမြို့နယ် ကံ့ကော်တောင်တပ်စခန်း၊ ဟတ်ယိုင်(ဟဲဟိုင်)စခန်း ၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (၄၅၆၁)၊ လားရှိုးနဲ့ သိန္ဒီကြား မိုင်းပါးတပ်စခန်း၊ ကွတ်ခိုင်မြို့နယ် ရှုခင်းသာတပ်စခန်း၊ ကိုးကန့်ဒေသ ဟိုကျီတုံတပ်စခန်း ၂ ခု ၊ မူပန်ဒေသ မိုင်းတင်ရာဘာတောင်ကုန်းတပ်စခန်း၊ နာတီရွာအခြေစိုက် ပြည်သူ့စစ်တပ်စခန်းတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္ဒီမြို့၊ ကွမ်းလုံမြို့တွေကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံး ထိခိုက်နိုင်သလို တပ်ရင်းလိုက် လက်နက်ချတာတွေလည်းရှိတယ်လို့ TNLA ကပြောပါတယ်။
စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေ၊ ဟောင်ဝှစ်ဇာ အမြောက်တွေ၊ စစ်ရဟတ်ယာဥ်နဲ့ တိုက်လေယာဥ်တွေ ဆက်တိုက် အသုံးပြု တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၇ ရက်ကနေ ဒီကနေ့ အထိ ရှမ်းမြောက်ဒေသက စစ်တပ် စခန်းပေါင်း ၁၀၀ နီးပါး နဲ့ မြို့ ၄ မြို့ အထိ စစ်ကောင်စီဘက်က ဆုံရှုံးထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေ လက်နက် အချိန်မီချ အညံ့ခံပါက အသက်အန္တရာယ် လုံခြုံရေးကို အာမခံပြီး လွတ်ငြိမ်းခွင့် ပေးမယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။