စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သည့် ၁၂၀ မမ လက်နက်ကြီးကို အသုံးပြု၍ သံလွင်မြစ်အရှေ့ဘက်ခြမ်း၌ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်အား Karenni Army Drone Force က ထုတ်ပြန်သည်။
ကရင်နီ(ကယား)ပြည်နယ်၊ဖားဆောင်း နှင့် မယ်စဲ့ မြို့ ကြားရှိ ကျောက်ပန်းညိုနှင့်ကျောက်စု ကျေးရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“သံလွင်အရှေ့ဘက်ခြမ်းမှ KA 120mm ဖြင့်အသေ အပျောက်များသော စခ။ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားရတာအရသာရှိလိုက်တာကွာ”ဟု ကရင်နီတပ်မတော် ဒရုန်းတပ်ဖွဲ့ (KA Drone Force )က သြဂုတ် ၂၉ရက်တွင်ရုပ်သံဖိုင်နှင့်တစ်ကွ ထုတ်ပြန်သည်။
လက်ရှိ ဖားဆောင်းနှင့် မယ်စဲ့ တိုက်ပွဲမှာ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဖားဆောင်းPDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
“တိုက်ပွဲကတော့ ဆက်ဖြစ်နေသေးတယ်လို့ ပြောလို့ရတယ်။သူတို့(စစ်ကောင်စီ)ဘက်က ကျောက်စုရွာထိ တိုးထားတယ်”ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ် ဇွန်လ ဒုတိယပတ်က မယ်စဲ့ မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူး ပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်လိုက်သည်။ စခန်းသိမ်း တိုက်ပွဲများတွင် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီ ထံ မှ ၁၂၀ မမ လက်နက်ကြီး နှစ်လက် နှင့် ၁၂၀ မမဗုံး သီး ဂိုဒေါင်ပါ ရရှိခဲ့သည်။
စစ်ကောင်စီတပ်က မယ်စဲ့မြို့နယ်ကို စပြန်လည်ရရှိရန် ထိုးစစ်ဆင်နေပြီး တပ်ရင်း ခြောက်ခု အထိ အသုံးပြု စစ်ကြောင်းထိုးထားလာသောကြောင့် ဖားဆောင်းနှင့် မယ်စဲ့ မြို့နယ် တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဖားဆောင်း PDF မှ တာဝန်ရှိသူကပြောသည်။