ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်းက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ ပအိုဝ်းအလံတွေ လွှင့်ထူခဲ့လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ (ဇန်နာဝါရီ ၂၅) နေ့လည်ပိုင်းလောက်ကစပြီး စစ်ကောင်စီရဲ့ ခမရ (ခြေမြန်တပ်ရင်း) ၄၂၃၊ ၄၂၄၊ ရဲစခန်နဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ရုံးတွေကနေ ပအိုဝ်းအလံတွေ လွှင့်ထူခဲ့တာပဲ ဖြစ်ပါတယ်။
မြို့ခံ တစ်ဦးက “တော်တော်များများတော့ ရထားပြီ။ တစ်ဝက်လောက်တော့ ကျန်သေးတယ်။ ဒါလည်း မကြာလောက်တော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က အင်အားဆိုက်တိုက် ဖြည့်တင်းနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် ပြည်သူတွေ အမြန်ဆုံး တိမ်းရှောင်ကြဖို့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။
ဇန်နာဝါရီလ ၂၃ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီဆိုင် ဒေသခံနဲ့ ကရင်နီ စစ်ဘေးရှောင်တွေ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရသူတွေ ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။