ပဲခူးတိုင်းအတွင်း စစ်ကူလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တင့်ကား ၂စီးနဲ့ သံချပ်ကာ ကား၂စီးတိို့ကို တင့်ဖျက်မိုင်းတွေအသုံးပြုပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ဆီ စစ်ကူလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်ဆီးကြိုပြီး တင့်ဖျက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက်၊ ၅ရက်နဲ့ ၆ရက်နေ့တွေမှာ တင့်ဖျက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါမိုင်းတွေ ပေါက်ကွဲမှုကြောင့် တင့်ကား ၁စီး ပက်လက်လန်သွားကာ သံချပ်ကာကား ၁စီးလည်း ရှေ့ပိုင်းတခုလုံး ပျက်စီးသွားပြီး အဆိုပါပျက်စီးသွားတဲ့ယာဉ်တွေကို ပဲနွယ်ကုန်းမြို့ဆီ ကရိန်းကားတွေနဲ့ ဆွဲသွားခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ နတ်သံကွင်းမြို့၊ ညောင်ဝိုင်း ကျေးရွာအနီးမှာလည်း တင့်ကား ပျက် ၁စီးရောက်ရှိနေကြောင်း ဒေသခံတွေဆီက သိရှိရတယ်လို့ KNUက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခရိုင် ၇ခုစလုံးမှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေကို KNLAဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပေမယ့် သတင်းအချက်အလက် လုံခြုံရေးအရ သတင်းထုတ်ပြန်ခြင်းမရှိဘူးလို့ KNUက ဆိုပါတယ်။