အင်အား အများအပြားပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာထဲကို ဒီကနေ့ မနက်က ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်ဘက်ကနေ မြေတင်ကား သုံးစီးအပါအဝင် ကားခြောက်စီးလောက်နဲ့ ဥတ္တူရွာထဲကို မနက် ၈ နာရီလောက်မှာ ဝင်ရောက် လာတာပါ။
“သူတို့ကလူခွဲပြီး ရွာထဲလမ်းတွေမှာ သွားနေကြတယ်။ မိုးတွေလည်း အရမ်းရွာနေတယ်။ ရွာထဲမှာ ဖြဲဖြဲစင်အောင် ပြေးနေကြပြီ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုမနက် ၉ နာရီခွဲမှာပြောပါတယ်။
ဥတ္တူရွာထဲကို စစ်ကောင်စီတပ်သားတွေဟာအရင်ကလည်း မကြာခဏဝင်ရောက်ပြီး ရှာဖွေစစ်ဆေးတာနဲ့ ရွာသားတွေကိုဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ရွာခံတွေဟာ စစ်ကောင်စီကားတွေ ဝင်လာကတည်းက စိုးရိမ်ပြီး နီးစပ်ရာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လ ၆ ရက်နေ့ကလည်း ဥတ္တူရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီးနောက် နေအိမ် ၂ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ကနက်သီရိရွာနဲ့ လမ်းတလျှောက်ကရွာတွေကိုလည်း ပြီးခဲ့တဲ့လ ဒုတိယပတ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ရငဲရွာကတောင်ပေါ်မှာ စစ်ကောင်စီတပ်က စခန်းချ တပ်စွဲထားပါတယ်။