မြန်မာနိုင်ငံဖက်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၈ဦး ယနေ့ (ဇန်န၀ါရီ ၁၇ရက်နေ့) ညနေပိုင်းတွင်ထပ်မံရောက်ရှိလာကြောင်း အိန္ဒိယ ဒေသတွင်းသတင်းဌာနများကဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့၀င် ၂၇၈ဦး သည် မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် မြန်မာ- အိန္ဒိယနယ်စပ်
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ဘန်ဒို့ဘာန်းရွာသို့ ထွက်ပြေးရောက်ရှိလာကြခြင်းဖြစ်ကြောင်းသိရသည်။ အိန္ဒိယ၏ နယ်ခြားစောင့်တပ်ဖြစ်သော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ လက်နက်ချ ၍ ခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သော The Lawngtlai Post ကဖော်ပြသည်။
ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “ခန်ခတောင်ဗျူဟာ” စခန်းကို ရက္ခိုင့်တပ်တော် -AA က ဇန်နဝါရီလ (၁၃) ရက်နေ့တွင် စခန်းသိမ်းတိုက်ပွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများမှာ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြကြောင်း AA က ဇန်နဝါရီ ၁၄ ရက်တွင်ထုတ်ပြန်ထားသည်။
အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ပန်ဒီက လည်း လွန်ခဲ့သည့် နှစ်လအတွင်း မြန်မာနိူင်ငံဘက်မှည စစ်ကောင်စီ တပ်သား ၄၁၆ ဦး နယ်စပ်ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြောင်းပြောသည်။ ထိုကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ရှုံးပြီး အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသောစစ်ကောင်စီတပ်သား ၇၀၀ ဦးခန့်ရှိနေပြီဖြစ်သည်။
ထိုသို့စစ်ကောင်စီတက်သားများ အိန္ဒိယနိုင်ငံဘက်သို့ ဆက်တိုက်ထွက်ပြေးလာနေမှုကြောင့် အိန္ဒိယအစိုးရမှာလည်း အခက်တွေ့နေပြီး နှစ်နိုင်ငံ နယ်စပ်တွင် လွတ်လပ်စွာသွားလာခွင့်မပြုတော့ဘဲပိတ်ရန်ပင်စဥ်းစားနေသည်။
အိန္ဒိယအစိုးရက ထွက်ပြေးလာသောစစ်သားများကို စစ်ကောင်စီသို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ စစ်ကောင်စီကထိုစစ်သားများကို အခြားစစ်မျက်နှာပြင် ရှေ့တန်းသို့ထပ်မံစေလွှတ်ပြီး ၊ထိုသို့စေလွှတ်ခံရသောကြောင့် ထပ်မံထွက်ပြေးသောစစ်သားများလည်းရှိနေသည်။