စစ်ကောင်စီ၏ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) စစ်တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်၊ ဒုတိုင်းမှူးအပါအ၀င် နယ်လုံ၀န်ကြီးနှင့် ထိပ်ပိုင်းအရာရှိ ခုနစ် ဦးကို နေပြည် တော် စစ်ရုံးချုပ်မှ ဖမ်းဆီးခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးအပါအ၀င် ထိပ်ပိုင်းစစ်အရာရှိများကို အထူးစစ်ဆင်ရေး များ ဖော်ဆောင်ရာတွင် သတင်းပေါက်ကြားမှုများ၊ တိုက် ခိုက်ရန်ငြင်းဆန် အာဏာဖီဆန်မှုများနှင့် တရားမ၀င်လုပ်ငန်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) နှင့်ပူးပေါင်း၍ လုပ်ကိုင်နေသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ရုံး ချုပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်ထံက သိ ရသည်။
“ဗိုလ်ချုပ်ကိုကိုမောင်က အဲဒီဘက်ကိုရောက်တာ မကြာသေးဘူး။ ဟိုဘက်က အဖွဲ့တွေနဲ့ပူးပေါင်းလုပ်နေ တာတွေရှိတယ်လို့ ကြားတယ်။ ခုလက်ရှိစစ်ဆင်ရေး တွေမှာလည်း ကျဆုံးတွေများနေတယ်။ အကျိုးစီးပွား နဲ့ အလဲအလှယ် လုပ်နေတာ တွေရှိတယ်လို့ အထက်ကပြန်ကြားတော့ မလွယ်ဘူးပေါ့။ အခုအဖမ်းခံရတဲ့လူတွေ အကုန်လုံးက စစ်ဆင်ရေးမှာ အကုန်အရေးပါတဲ့သူတွေကြီးပဲ” ဟု စစ်ရုံးချုပ်နှင့် နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတပ်ရင်းမှူး အောင်နိုင်ဦး၊ နယ်လုံ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့်မြို့ အထူးကွပ်ကဲ ရေးတာ၀န်ခံ တပ်မ (၃၃) တပ်မမှူး ကိုကိုလွင်၊ ဂန့်ဒေါင်ယာန်ဒေသ အထူးကွပ်ကဲ ရေးတာ၀န်ခံ တပ်မ (၈၈) မှတပ်မမှူး ဗိုလ်မှူးကြီးစိုးထွဋ်နှင့် ဗိုလ်မှူးအဆင့်ရှိသူ နှစ် ဦးတို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းတွင် ဌာနချုပ်မှလာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်သည် ယခင်က မွန်ပြည်နယ်၊ မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူးဖြစ်ပြီး မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေရာချင်းချိန်း၍ ပြောင်းရွှေ့ထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကိုကိုမောင်ပြောင်းရွှေ့ခဲ့သည့် မွန်ပြည်နယ်သို့ ဗိုလ်ချုပ်မြတ်သက်ဦးရော က်သည့်အခါတွင် တပ်အင်အားပြုန်းတီးမှုမှာ တပ်ရင်း ၈ ရင်းထက် မနည်းရှိနေခြင်း ကြောင့် တပ်တွင်း ဂယက်ရိုက်မှုများလည်းရှိခဲ့သည်။
ဗိုလ်ချုပ်ကိုကိုမောင်သည် သိန္နီအခြေစိုက် အမှတ်(၁၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဗိုလ်မှူးချုပ် အဆင့်မှ ၂၀၂၀ မတ်လတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး ဗိုလ်ချုပ်ရာထူးကို အချိန်တိုအတွင်း ရရှိခဲ့သူဖြစ်သည်။
လက်ရှိတွင် KIO ဌာနချုပ် လိုင်ဇာမြို့အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဘက်ထိခိုက် သေဆုံးမှု များရှိကြောင်း သိရသည်။