စစ်ကိုင်းတ်ိုင်း၊ ညောင်ပင်ကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် လက်ပံတောင်းဒေသရှိ ကျေးရွာများမှ ဒေသခံပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်းသတင်းရရှိသည်။
ဇူလိုင်လ ၂၁ရက်နေ့က စတင်ပြီး လက်ပံတောင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် နှစ်လုံးကိုမီးရှို့ခဲ့သည်။ ထို့အပြင် အနားဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ရွှေလှေရွာ ၊ လက်ပံတောင်းရွာ၊ ဝဲကြီးရွာနှင့် ဝဲကွဲရွာတို့အား လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” စစ်ကောင်စီ စစ်ကြောင်းက ဒီတစ်ကြိမ်ဝင်လာတာများတယ် အနည်းဆုံး အင်အား တစ်ရာကျော်လောက်ရှိတယ်။ အရင်က စစ်ကြောင်းဝင်လာရင် အင်အား သုံးဆယ်၊ လေးဆယ်ခန့်လောက်နဲ့ဝင်တာ လက်ရှိထွက်ပြေးနေကြရတဲ့ ဒေသခံ သုံးထောင်ကျော်လောက်ရှိတယ်” ဟု စစ်ဘေးရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ပံတောင်းဒေသသို့ ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းသည် ယခုအခါ ဝဲကွဲရွာတွင် တပ်စခန်းချထားကြောင်း စစ်ဘေးရှောင်များထံက သိရသည်။
လက်ပံတောင်းဒေသတွင် စစ်ကောင်စီတပ်များ မကြာခဏ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး ညောင်ပင်ကြီးကျေးရွာရဲစခန်းတွင် စစ်ကောင်စီတပ်က အခြေပြုစခန်း ပြုလုပ်ထားသည်။ အဆိုပါ အခြေပြု စစ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။