ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပန်မွန်းရွာတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ မေလ ၂၀ ရက်က တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်းတွင် အသိပေးသည်။
TNLA တပ်မဟာ(၆) စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ် ပန်မွန်းကျေးရွာအနီး သို့ စစ်ကောင်စီ လက်အောက်ခံတပ် ခမရ(၅၀၄) တပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။
တိုက်ပွဲမှာ ညနေ ၄နာရီခန့်မှစ၍ ၂နာရီကျော်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။
စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွား၍ တိုက်ပွဲငြိမ်သက်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်သည် မေလ ၁၈ရက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကွတ်ခိုင်ရှိ ဆက်သွယ်ရေးကုန်းမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် မေလ ၁၅ရက်နောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
TNLAနှင့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်းက ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်က
TNLA တပ်စခန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLAက အသိပေးထားသည်။