တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အသေများတဲ့ ပဲခူတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာကို ဒီနေ့ သြဂုတ် ၁၂ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တယ်လို့ သိရပါတယ်။
သမင်အင်းကုန်းရွာထဲကို စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးက ခိုက်တိုက်နေတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းတင် ၃ ကြိမ်ခန့်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုနေ့က တိုက်ပွဲတွေဖြစ်လို့ ဒီကောင်တွေ (စစ်ကောင်စီတပ်) အကြီးအကျယ်ရှုံးခဲ့တဲ့ သမင်အင်းကုန်းကို ဒီမနက် ဗုံးကြဲနေတာ” လို့ သူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာကို သြဂုတ် ၉ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ PDF အထူးကွန်မန်ဒိုတပ်ရင်းတို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးခဲ့ပါတယ်။
အဲ့ဒီ့တိုက်ပွဲအတွင်းမှာ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ၃ ယောက်ကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၂၀ ကျော်ကိုလည်း KNLA၊ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းမိခဲ့ပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် သမင်အင်းကုန်းရွာအပါအဝင် စစ်ဇုန်အတွင်း ည ၆၊ မနက် ၆ သွားလာခြင်းမပြုကြရန် KNLA က အရေးပေါ်သတိပေးစာ ထုတ်ပြန်ထားပါတယ်။