အာဏာသိမ်းစစ်ကောင်စီက ထုတ်ဝေမယ်လို့ ကြေညာထားတဲ့ ကျပ်နှစ်သောင်းတန်ငွေ စက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ က အသိအမှတ်ပြုမှာ မဟုတ်တဲ့အပြင် တရားမဝင်ငွေစက္ကူများအဖြစ်သတ်မှတ်ကြောင်းကြေညာလိုက်ပါတယ်။
စစ်ကောင်စီထုတ်ဝေမယ့် ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနဲ့ တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ဒီကနေ့ဇူလိုင်လ ၂၇ ရက်မှာ NUG ကကြေညာခဲ့တာဖြစ်ပါတယ်။
တရားမဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဗဟို ဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ရိုက်နှိပ်ထုတ်ဝေမှာဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့ ကြေညာခဲ့ပါတယ်။
အဖက်ဖက်က အကြပ်တည်းဆိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ သပ်တမ်းကြာရှည်ဖို့ နဲ့ ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက် မပြတ်ကျူးလွန်နိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ပြီးအရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုအဖြစ်မှတ်ယူကြောင်း NUG က ထုတ်ပြန်ထားပါတယ်။
တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေနိုင်ပြီး ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနှဲစာ စုဆောင်ငွေများကို စစ်ကောင်စီက တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့ လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင် မကြုံဖူးခဲ့တဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါဘေးတို့ကို စုပြုံခံစားနေရချိန်မှာ ယခုလို ငွေစက္ကူသစ်ရိုက်နှိပ်ထုတ်ဝေခြင်းဟာ ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက်နိုင်ကြောင်းလည်း NUG ကဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီထုတ်ဝေမယ့် ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြေညာကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကြားကာလ ဗဟိုဘဏ် ဥက္ကဌ ဦးတင်ထွန်းနိုင်လက်မှတ် နဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။