အမေရိကန်လွှတ်တော်အမတ်ဟောင်း ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တွမ်အင်ဒရူးစ်က အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ပိုမိုထိရောက်တဲ့ ထပ်တိုးအရေးယူမှုအဖြစ် စစ်ကောင်စီ အဓိကထောက်တိုင် ရေနံနဲ့သဘာဝဓာတ်ငွေကဏ္ဍကို ထပ်တိုးပိတ်ဆို့ဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
တွမ်အင်ဒရူးစ်ဟာ အမေရိကန်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်နာ တွမ်လန်တော့စ်နဲ့တွေ့ဆုံမှုမှာ အမေရိကန်အစိုးရအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို မြန်မာနိုင်ငံတွင်းနဲ့ ပြည်ပရောက် ဒုက္ခသည်တွေကို ပေးလှူနေသလို တစ်ဖက်ကလည်း ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ အဓိကဝင်ငွေ ထောက်တိုင် ရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့လိုကြောင်း တိုက်တွန်ပြောကြား သွားတာဖြစ်ပါတယ်။
“ဇွန်လက မြန်မာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကို ပိတ်ဆို့အရေးယူလိုက်တဲ့ အမေရိကန်လုပ်ရပ်အတွက် ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂကို စစ်ကောင်စီ ရဲ့ အဓိက နိုင်ငံခြားဝင်ငွေထောက်တိုင်ဖြစ်နေစေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အပေါ်မှာပါ ထပ်တိုး ပိတ်ဆို့ အရေးယူဖို့လိုပါတယ်။ သူတို့ဝင်ငွေတွေကို လျှော့ချနိုင်ခြင်းဟာ သူတို့ရဲ့ ရက်စက်မှုတွေကို လျှော့ချစေခြင်းပဲဖြစ်ပါတယ်။ ဝါရှင်တန်အစိုးရဟာ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီထံ လက်နက်တွေ မရောက်စေဖို့ကိုလည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်” လို့ တွမ်အင်ဒရူးစ်က တိုက်တွန်းသွားခဲ့ပါတယ်။