ဓနုအမျိုးသားအဖွဲ့ချုပ်ကိုယ်တိုင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဓနုအမျိုးသားနေ့ကို ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်းကားစွာအားတက်သရော ကျင်းပနေတာကြောင့် ဓနုတိုင်းရင်းသားလူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ဓနုအမျိုးသားနေ့ကို ဓနုအမျိုးသားအဖွဲ့ချုပ်နဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ပင်းတယမြို့မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပနေတာဖြစ်ပါတယ်။
လက်ရှိအချိန်ဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ ဓနုတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားလူမျိုးအသီးသီးက သောကအမျိုးမျိုးကြုံတွေ့နေရတာကို စာနာတဲ့အနေနဲ့ ဓနုတိုင်းရင်းသားများဟာ အမျိုးသားနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ အားတက်သရော ပြုလုပ်ဖို့ လုံးဝမသင့်လျော်တဲ့အချိန်ဖြစ်တယ်လို့ DPLF က ပြောပါတယ်။
ဒါကြောင့် ဓနုအမျိုးသားနေ့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပေမယ့် အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး အမျိုးသားနေ့အခမ်းအနားကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပနေတဲ့ ဓနုအမျိုးသားအဖွဲ့ချုပ်နဲ့တကွ ပူးပေါင်းပါဝင်သူအားလုံးကို DPLF အနေနဲ့ ဆန့်ကျင်ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLF ဟာ ရှမ်းပြည်မြောက်ပိုင်းမှ 1027 စစ်ဆင်ရေးတွင်လည်းကောင်း ဓနုဒေသအတွင်းမှာလည်းကောင်း အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းအဖြစ်ပါတယ်။