ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ်အနိုင်ကျင့်သတ်ဖြတ်မှုတွေ လုပ်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို လက်တုံ့ပြန်သွားမယ်လို့ မူဆယ်ဗျူဟာကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
မူဆယ်မြို့၊ စက်မှုလမ်းဆုံ၊ ဟိုနားရပ်ကွက် ဘုန်းကြီးကျောင်းအနီးမှာ ဇွန်လ ၂၃ ရက်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပြီး လက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့တွေအအနေနဲ့ စစ်ကောင်စီက မက်လုံးပေးထားတဲ့ အခွင့်အရေးနဲ့လစာတွေထက် ပြည်သူတွေရဲ့မျက်နှာကို ကြည့်ရှုပေးဖို့တောင်းဆိုထားပြီး လိုက်နာဆောင်ရွက်ခြင်းမပြုပါက နောက်ဆက်တွဲကိစ္စတွေကို တာဝန်မယူဘူးလို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၃ ရက် ည ၇ နာရီခန့်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ကားတစ်စီးကို ငွေညှစ်တောင်းခံရာက စကားများခဲ့ပြီး ပစ်ခတ်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပါတယ်။