ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတောင်ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) က ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ဆင်ပြီး ရှေ့တန်းထွက်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေက ဒီနေ့ (မတ် ၉) မနက် ၈ နာရီခန့်မှာ ဟိုပုံးမြို့တွင်းက ပြည်သူပိုင် ကား ၈ စီးကို ချောဆွဲပြီး လွယ်ဝိုးတောင်ဘက်ကို လက်နက် အပြည့်အစုံနဲ့ တက်သွားတာလို့ ဆိုပါတယ်။
ဟိုပုံးမြို့ခံတစ်ဦးက “အကုန်လုံး ပအိုဝ်းဝတ်စုံပဲ။ လက်နက်တွေပါတော့ ပြည်သူ့စစ်မှန်း သိတယ်လေနော်။ ဒါက တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ဝတ်စုံမို့လို့ ကျနော်တို့တော့ ကန့်ကွက်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေဟာ ဟိုပုံးမြို့တွင်းက ပြည်သူတွေဆီကနေ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းတွေ ပြုလုပ်ခဲ့ပြီး လာမယ့်တစ်ပတ်အတွင်း စစ်မှုထမ်းဖို့ လာခေါ်မယ်လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
လွယ်ဝိုးတောင် ရွာခံတစ်ဦးက “ဒါက စစ်တပ်ရဲ့ လူမျိုးရေး ပဋိပက္ခဖန်တီးတဲ့ ထောင်ခြောက်လည်း ဖြစ်တယ်ပေါ့နော်။ ပအိုဝ်းပြည်သူတွေ အနေနဲ့ သတိကြီးကြီးထားကြဖို့ လိုတယ်။ သူတို့က ပြည်သူအသွင်ယူပြီး တော်လှန်ရေးဘက်ကလူတွေ ပြည်သူတွေကို ပစ်သတ်တယ်လို့ အထင်မှားအောင် လုပ်နေတာ ဖြစ်တယ်”လို့ ပြောပါတယ်။
ဟိုပုံးနဲ့ မိုင်းပွန်မြို့အကြားက ကျေးရွာတွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့အကြား ပြင်းထန်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
လတ်တလောမှာ လွယ်ဝိုးတောင်ရွာခံတွေဟာ စစ်ဘေးရှောင်နေရတာကြောင့် ကျေးရွာထဲမှာ ၁၀ ပုံ တစ်ပုံခန့်လောက်ပဲ လူဦးရေ ကျန်ရှိတော့တယ်လို့ စုံစမ်း သိရပါတယ်။