ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းတိုင်းရင်းသားဒေသဆီဆိုင်၊ ဆိုက်ခေါင်တို့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ် PNO တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၁၉ ရက် တစ်ရက်တည်း ပအိုဝ်းပြည်သူ ၇ ဦးသေဆုံးခဲ့ရပြီး ၆ ဦး ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့ (PYO) က ထုတ်ပြန်ပါတယ်။
အခုလိုသေဆုံးကြရတာဟာ နေရပ်ပြန်နိုင်ပြီဆိုတဲ့ သတင်းအမှားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုသတင်းတွေကြောင့် ဒေသခံတွေကမိမိတို့ရဲ့ နေရပ် နေအိမ်တွေကိုအကြောင်းအမျိုးမျိုးနဲ့ ကားတွေမှာ အလံဖြူထောင်ပြီးပြန်သွားကြတာမှာ လက်နက်ကြီးနဲ့ပစ်ခံရပြီး သေဆုံးကြရတာလို့ ဆိုပါတယ်။
နောက်အလားတူ ဆိုက်ခေါင်ဘက်မှာ မနေ့ကမနက်ပိုင်း ၈ နာရီခန့်မှာပဲ ဒေသခံကားကို PNO က သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်လို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုက်ခေါင်အရှေ့ဘက် ဂေါ်တန်ကျောက်ကွင်းအနီးမှာ အမြောက်တပ်ကို ဒရုန်းနဲ့လာတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ချိန်မှာ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာဘက်က ဆိုက်ခေါင်ကို ဖြတ်လာတဲ့ ကား ၁ စီးကို ဂေါ်တန်ကျောက်ကွင်းအနီးမှာ PNO က လက်နက်ငယ်နဲ့အချက်ပေါင်းများစွာပစ်လိုက်လို့ ကားရော၊ ကားပေါ်ပါ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ အမြောက်တပ်ဟာ ဆီဆိုင်မြို့ ပတ်ပတ်လည်ကို ဆိုက်ခေါင်ဘော လုံးကွင်းမှာ အမြောက် ၃ လက် အထိုင်ချပြီး ပစ်ခတ်နေတာဖြစ်ပြီး PNO အင်အား ၅၀၀ ခန့်က ဇောတိကရာမဘုန်းကြီး ကျောင်းမှာ လုံခြုံရေးတပ်စွဲပြီး တိုက်ခိုက်နေတာလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
တစ်နေ့တည်း ပအိုဝ်းပြည်သူ ၇ ဦးသေဆုံးရပြီး ၁၁ ဦးဒဏ်ရာရတာဟာ စစ်ကောင်စီနဲ့ အပေါင်းပါတွေရဲ့ လူထုအပေါ်ရက်စက်တဲ့ လုပ်ရပ်လို့ ဒေသခံတွေက ပြောကြပါတယ်။
PNLO က ယနေ့ ဖေဖော်ဝါရီ ၂၀ရက်ထုတ်ပြန်ချက်မှာ မိဘပြည်သူများအနေနဲ့ အွန်လိုင်းပေါ်က သတင်းအမှား အခြေအမြစ်မရှိတဲ့ သတင်းတွေကို ယုံကြည်ပြီး မြို့အတွင်း နေအိမ်ပြန်တာ ပစ္စည်းသယ်တာတွေ မပြုလုပ်ကြဖို့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ ထုတ်ပြန်တဲ့ သတင်းကိုသာ စောင့်ကြည့်ရန် တိုက်တွန်းထားပါတယ်။
ယမန်နေ့က စစ်ကောင်စီက ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်သုံးစီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။