စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ စစ်ကောင်စီတပ်ပိုင် ဦးပိုင်ကုမ္ပဏီ နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ တို့၏ ကြေးနီစီမံကိန်းကို ပြန်လည် လည်ပတ်လုပ်ကိုင်နေပြီး ဒေသခံများအနေဖြင့် ဝင်ရောက် လုပ်ကိုင်ခြင်း မပြုဘဲ CDM ပြုလုပ်ပေးကြရန် ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈)က ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။
“စစ်ကောင်စီတပ်ရဲ့ အကျိုးစီးပွားဖြစ်ပြီး ကြေးနီထုတ်လုပ်မှု့ကို ဒေသခံတွေအကြိမ်ကြိမ် ကန့်ကွက်တဲ့ကြားက လုပ်ဆောင်နေတာ။ စစ်ကောင်စီနဲ့ ပတ်သက်ဆက်သွယ် နေသူတွေ က ပွဲစားလုပ်ပြီး အလုပ်သွင်းပေးလို့ စက်ရုံထဲမှာ အလုပ်လုပ်နေသူတွေ ရှိလာတယ်။ စစ်ကောင်စီ အလုပ်ကို ဆက်ပြီးမလုပ်ဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံထားပြီးဖြစ် ပါတယ်။ စုံစမ်းတွေ့ရှိခဲ့ရင် ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဓားမဆိုင်း တပ်ရင်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံများ အကြိမ်ကြိမ်ကန့်ကွက် သည့်ကြားမှ ၂၀၁၃ ခုနှစ်တွင် စစ်ကောင်စီ၏ ဦးပိုငကုမ္ပဏီနှင့် တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူကြေးနီတူးဖော်မှုများ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ဦးပိုင် ကုမ္မဏီနှင့် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူကြေးနီတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး သာသနိက အဆောက်အဦးဖြစ်သည့် လယ်တီသိမ်ကျောင်းတော်ပါပျက်စီးခဲ့ရသည်။
ယခုအခါတွင် စစ်ကောင်စီတပ်နှင့် တရုတ်ဝမ်ပေါင်သည် ကြေးနီတူးဖော်မှုများ ပြန်လည် လုပ်ကိုင်နေ၍ ဒေသခံများ ပါဝင်ပတ်သက်မှု မရှိစေရန် ကြေညာချက် ထုတ်ပြန် ရခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။