ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရဲတပ်ရင်း (၁၂)ပစ်ခတ်သော လက်နက်ကြီးကျည် မွတ်ဆလင်များနေထိုင်သည့်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး မွတ်ဆလင် ရှစ်ဦးသေဆုံးကာ ၁၂ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
အဆိုပါပစ်ခတ်မှုသည် ယမန်နေ့(မတ်လ ၉ ရက်) ည ၁၁နာရီခန့်ကဖြစ်ခဲ့ပြီး ကသဲရွာရပ်ကွက်နှင့် အင်ဘာလာရပ်ကွက်ကြား၌ ကျရောက်ပေါက်ကွဲခြင်းဟု စစ်တွေမြို့ခံများက ပြောသည်။
” ရဲတပ်ရင်း(၁၂)ဘက်ကနေ တောက်လျှောက်ပစ်နေတာ။ လက်နက်ကြီးသံတွေကြားပြီး မကြာခင်ပဲ မွတ်ဆလင်နေတဲ့ ရပ်ကွက်ထဲမှာ ပေါက်ကွဲတာ”ဟု ဒေသခံတဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို ခေါ်ဆောင်သွားကာ စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။
ငါးဦးမှာ ပေါက်ကွဲသည့်ဖြစ်ရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး သုံးဦးမှာ စစ်တွေဆေးရုံ၌ သေဆုံးခြင်းဟု သတင်းရရှိသည်။
စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက် စာမျက်နှာများတွင် ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်၍ မွတ်ဆလင်များ သေဆုံးခဲ့သည်ဟု ရေးသားနေကြသည်။ ထိုသို့ သတင်းထုတ်ပြန်မှုသည် စစ်ကောင်စီကလိမ်လည်ထုတ်ပြန်ခြင်းဟု စစ်တွေမြို့ခံအချို့က ပြောသည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်ကို မသိရှိရသေးပေ။ စစ်ကောင်စီသည် စစ်တွေမြို့ဆေးရုံအတွင်း သွားလာခွင့်နှင့် လူနာများနှင့်တွေ့ဆုံခွင့် ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈နာရီကျော်က စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်မှ ကိုးရီးယားဆိပ်ကမ်းမြို့မဈေးအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးသွားပြီး ၈၀ထက်မနည်းဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေကြောင်း ရက္ခိုင့်တပ်တော်(AA )က ထုတ်ပြန် ထားသည်။