ကရင်နီပြည်လို့ လူသိများတဲ့ ကယားပြည်နယ်ကို လေကြောင်းကနေ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ်ရဲ့ မပေါက်ကွဲတဲ့ ဗုံးသီးတွေကို အသက်အန္တရာယ်ကြားကနေ အသေးစားဒရုန်းတပ်ဗုံးသီးတွေအဖြစ်ထုတ်လုပ် အသုံးပြုတာ ၁ နှစ်ကျော်ထိရှိနေပြီလို့ The Tech Supporting Squad-T2S2 အဖွဲ့ဝင် ကိုပေါက်က ပြောပါတယ်။
“သံထည်ဖြစ်တော့ အန္တရာယ်များတာပေါ့။ တူးနေရင်းနဲ့ မတော်တဆထိမိသွားရင်တောင် အသက်နဲ့ရင်းရတာပေါ့။ အန္တရာယ်များပေမယ့်လဲ ယမ်းကအင်မတန်ရှားတယ်လေ။ အဲ့တာကြောင့် စကစက ကြဲတဲ့ဗုံးသီးကနေ ထုတ်ယူရတာပေါ့။ တော်လှန်ရေးအတွက် အသက်ရင်းရတာပေါ့” လို့ သူက ပြောပါတယ်။
ပေါင် ၅၀၀ ဗုံးသီးတလုံးမှာ ဒရုန်းဗုံးသီးပေါင်း အလုံး ၅၀၀ အထိ ပြန်လည်ထုတ်လုပ်နိုင်ပြီး မြေပြင်တိုက်ပွဲတွေမှာ ဒီနေ့အချိန်အထိ အသုံးပြုနေတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် မေလကစပြီး စစ်ကောင်စီတပ်ရဲ့ မပေါက်ကွဲတဲ့ ဗုံးသီးအမျိုးအစားအစုံအလင် ၇ လုံးအထိ တူးယူကာ ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်းက မြေပြင် တိုက်ပွဲတွေမှာ ဒီနေ့အထိ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် T2S2 အဖွဲ့က KNDF UAV တပ်ဖွဲ့နဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေပြီး တခြားတပ်ဖွဲ့တွေကိုလည်း နည်းပညာ မျှဝေတာ၊ ကူညီနိုင်တာတွေ ကူညီပေးနေတယ်လို့ သိရပါတယ်။
T2S2 အဖွဲ့က ဒရုန်းတွေကိုယ်တိုင်တီထွင်တာတွေ၊ ယမ်းထုတ်ယူမှုတွေ၊ အသေးစားတင့်ကားတီထွင်ပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက်ပါဝင်ကူညီပေးကြဖို့ကို တောင်းဆိုထားပါတယ်။