ခါကာဘိုဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင် အမြန်ဆုံး ပါ၀င်ကြရန် တိုက်တွန်းလိုကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K.P.F) ယနေ့ ထုတ်ပြန်ကြေညာခဲ့ပြီး လိုက်ခြင်း မရှိပါက ထိရောက်စွာအရေးယူမည်ဟု အသိပေးသည်။
KPFသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ခါကာဘိုဒေသဖြစ်သော ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ် နှင့် လန်ဆယ်ဒေသများတွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ သတင်းပေးဒလန်လုပ်ခြင်း၊ မဟုတ်မမှန်ဝါဒဖြန့်ခြင်း စသည့် လုပ်ရပ်များကို လုံး၀(လုံး၀)ရှောင်ရှားကြရန် သတိပေး ထားသည်။
ခါကာဘိုဒေသတွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ ဒေသခံမိဘပြည်သူများ နှင့် လူငယ်များအား စစ်ကျွန်စနစ်ဆိုးကြီး အစွန့်ရှည်စေရေးအတွက် မဟုတ်မမှန်ဝါဒဖြန့်ခြင်း၊ ချိန်းခြောက်ခြင်း၊ သတင်းအမှောင်ချခြင်း၊ စစ်ကောင်စီထံ သတင်းပေးခြင်း စသည်ဖြင့် ပြည်သူလူထု ၏သဘောထားနှင့် ဆန့်ကျင်စွာရပ်တည်သော မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်သည်။
ခါကာဘိုဒေသတွင် သက်ဆိုင်ရာလူမျိုးစုအလိုက် ဘာသာရေး၊လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို လွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိသော်လည်း စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမပြုရဟုလည်း အသိပေးသည်။
ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(K.P.F)သည် ခါကာဘိုဒေသခံပြည်သူလူထုအား ကိုယ်စားပြုကာ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန်အတွက် ပြည်သူလူထုနှင့်အတူ ရပ်တည်သောတပ်ဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။