မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပမယ့် အာဆီယံ တပ်မတော်လေဦးစီးချုပ်များအစည်းအဝေးပွဲကို ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လုံးဝတက်ရောက်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားကြောင်း သိရပါတယ်။
အဲ့ဒီ့အစည်းအဝေးပွဲကို ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ အစွန်းရောက်တွေကို တိုက်ထုတ်ဖို့နဲ့ သဘာဝကပ်ဘေး ကူညီကယ်ဆယ်ရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က လိုက်နာခြင်းမရှိဘဲ ပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက် တိုက်ခိုက်မှုအတွက် ပြင်းထန်စွာရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေကြောင့် မြန်မာက ဦးဆောင်တဲ့ အာဆီယံတပ်မတော်လေ ဦးစီးချုပ်များ အစည်းအဝေးပွဲကို မြန်မာနိုင်ငံမှာ နောက်တစ်ပတ်ထဲကျင်းပတော့မှာဖြစ်ရာ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ဘာအကြောင်းပြ ချက်မှ မပေးဘဲ တက်ရောက်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက အသီးသီးထုတ်ပြန်ခဲ့ပါတယ်။
မလေးရှား တပ်မတော်ပြောရေးဆိုခွင့်ရှိသူက သူတို့ လေတပ်က ခေါင်းဆောင် လုံးဝတက်ရောက်မှာ မဟုတ်ကြောင်း၊ ဖိလစ်ပိုင်ကတော့ ကိုယ်စားလှယ်စေလွှတ်မှာမဟုတ်ပေမယ့် ဗီဒီယိုပေးပို့မယ်လို့ တုံ့ပြန်ထားပါတယ်။
အင်ဒိုနီးရှားဘက်ကတော့ လေတပ် တပ်ချုပ်မတက်ရုံမက ဘယ်ကိုယ်စားလှယ်မှ လွှတ်ဖို့မရှိဘူးလို့ လေတပ်ပြောရေးဆိုခွင့်ရှိသူ ဆာဆောင်ကိုဂျာတီက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားလေတပ် တပ်ချုပ်ကတော့ ဒီအစည်းအဝေးကို တက်မတက် မှတ်ချက်တစ်စုံတစ်ရာမပေးသေးဘဲ စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်ကလည်း မှတ်ချက်တစ်စုံတစ်ရာမပေးသေးပါဘူး။
ထိုင်း လေတပ်တပ်ချုပ်ကတော့ မြန်မာစစ်ကောင်စီနဲ့ နှစ်ဖက်သဘောတူ ဆွေးနွေးမှုတွေရှိလို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ တုံ့ပြန် ထားပါတယ်။