စစ်ကောင်စီက သတ်မှတ်တဲ့ စားအုန်းဆီရည်ညွှန်းဈေး ကျဆင်းပေမယ့် ပြင်ပဈေးကွက်မှာတော့ ဆက်လက်မြင့်တက်နေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း စားဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မေ ၂ ရက်မှ ၇ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာ ၄၅၇၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့သည့်တစ်ပတ် စားသုံးဆီ ရည်ညွှန်းဈေးမှာ တစ်ပိဿာ ၄၆၈၀ ကျပ်ဖြစ်တာကြောင့် ၁၁၀ ကျပ် ကျဆင်းလာတာပါ။
တောင်ကြီးမြို့ရှိ စားသုံးဆီအရောင်းဆိုင်တွေမှာတော့ သင်္ကြန်မတိုင်မီကာလကစပြီး တစ်ပိဿာလျှင် ၆၈၀၀ ခန့်ရှိခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာ ၇၀၀၀ အထိဈေးမြင့်တက်နေပါတယ်။ ပဲဆီဈေးနှုန်းကတော့ အမျိုးအစားပေါ်လိုက်ပြီး ၁၃၀၀၀ မှ ၁၅၀၀၀ ဝန်းကျင်ရှိပါတယ်။
“သူတို့ကဈေးကျတယ်ဆိုပြီးကြေညာတော့ လူတွေကမေးတယ်၊ ကိုယ်တွေဝယ်ရတဲ့ ဒိုင်ဈေးမကျရင်၊ ဈေးချရောင်းဖို့ကအဆင်မပြေဘူး၊ အရောင်းအဝယ်က အေးတယ်၊ တန်ဆာခတွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် မြို့ကြီးတွေထက်တော့ ဈေးကမြင့်တက်လေ့ရှိတယ်လို့”တောင်ကြီးမြို့မဈေး အခြေခံစားသောက်ကုန်လက်ကားရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
စားသုံးဆီကော်မတီက စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်နှင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက စားသုံးဆီတင်သွင်းမှုအပေါ် ကန့်သတ်ထိန်းချုပ်တာတွေ၊ ကိုတာစနစ်နဲ့ ဝယ်ယူစေတာတွေကြောင့် ဆီဈေးမှာ သိသာစွာကျဆင်းခြင်းမရှိဘူးလို့ ဆီကုန်သည်တွေက ပြောထားပါတယ်။
ပြည်တွင်းစားအုန်းဆီ စားသုံးမှုဟာ တစ်နှစ်လျှင် တန်ချိန်တစ်သန်းခန့်ရှိပြီး ထုတ်လုပ်မှုမှာတော့ တန်ချိန်လေးသိန်းခန့်သာရှိတဲ့အတွက် လိုအပ်သည့် တန်ချိန် ၇ သိန်းခန့်ကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ တင်သွင်းနေရပါတယ်။
ပြည်တွင်းစားအုန်းဆီ စားသုံးမှု မြင့်မားနေတဲ့အတွက် ဆီလျှော့စားကြရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးတွေမှာ မကြာခဏထည့်သွင်းပြောလေ့ရှိပါတယ်။