စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်း၊ စစ်လေယာဉ်နှင့် လေယာဉ်ဆီများကို ပြည်ပနိုင်ငံမှ မှာယူထောက်ပံ့ပေးနေသည့် ခရိုနီအောင်မိုးမြင့်၏ ရုံးကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Urban Special Operation (U.S.O) အဖွဲ့က အသိပေးသည်။
စက်တင်ဘာ ၂၂ ရက် ည ၇ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ ခရိုနီ အောင်မိုးမြင့်၏ ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု U.S.O အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ခရိုနီအောင်မိုးမြင့်သည် အညာဒေသနှင့် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် စစ်လက်နက်များကိုလည်း ပြည်ပမှဝယ်ယူပေးနေသောကြောင့် ၎င်းပိုင်သည့် ရုံးကို ဖရဲသီးများ၏ အကူအညီဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အောင်မိုးမြင့်သည် Dynasty Group of Companies တည်ထောင်သူဖြစ်ပြီး စစ်ကောင်စီအတွက် လက်နက်နှင့် ဘဏ္ဍာငွေပေးနေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း Justice for Myanmarက ထုတ်ပြန်ထားသည်။
“နောက်နောင်တွင် စစ်ကောင်စီ မတရားမှုများ ပြုလုပ်ရန် ကူညီပေးနေသော အကြမ်းဖက်ခရိုနီများ၏ စီးပွားရေးပိုင်ဆိုင်မှု လုပ်ငန်းအဆောက်အဦးများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု U.S.Oက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
U.S.Oအဖွဲ့သည် မြို့ပြအထူးစစ်ဆင်ရေးများပြုလုပ်တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ရက် တွင် အသိပေးခဲ့ပြီး ယခုမစ်ရှင်သည် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။