ဂျပန် အစိုးရက မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ ထောက်ပံ့ရေး အစီအစဉ်တွေဟာ အာဏာသိမ်း စစ်ကောင်စီအတွက် အကျိုးရှိနေဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။
ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူ့အစိုးရဟာ မြန်မာနိုင်ငံဆီ အထောက်အပံ့တွေ ပေးပို့ရာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တလွဲအသုံးချမှုတွေ မခံရအောင် သတိကြီးကြီး စီမံ ကိုင်တွယ်သွားမယ်လို့ ဖေဖော်ဝါရီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ ဂျပန် ဆောက်လုပ်ရေး လုပ်ငန်းစုကြီး Yokogawa Bridge ကော်ပိုရေးရှင်းဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)ဆီ နောက်ထပ် ငွေကြေး ပေးချေမှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကို အခုသီတင်းပတ်မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လတုန်းက Myanmar Now သတင်းဌာနက MECပိုင် သံမဏိ လုပ်ငန်းတစ်ခုဟာ ဂျပန်ရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်မှု စီမံကိန်းအတွက် သံမဏိတွေ ထောက်ပံ့ရာက အကျိုးအမြတ် တော်တော်လေး ရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။
HRWက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထိ အတောအတွင်း ရရှိထားတဲ့ ငွေကြေး အလွှဲအပြောင်း မှတ်တမ်းတွေအရ Yokogawa Bridgeဟာ အဲဒီ ပရောဂျက်နဲ့ ဆက်စပ်ပြီး MECအတွက် ဒေါ်လာ ၂ သန်းလောက် ပေးချေခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတဲ့ အမေရိကန် အစိုးရကလည်း အဲဒီ ငွေကြေးလွှဲပြောင်းမှုတွေကို ချွင်းချက်အဖြစ် လက်ခံပေးခဲ့ပါတယ်။
ဂျပန်ရဲ့ လွှတ်တော် အစည်းအဝေး တစ်ခုမှာတော့ အတိုက်အခံ အမတ်တစ်ဦးက မေးမြန်းချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဗျူရို အရာရှိ ဟီဒါကီ ကာဆူကာဘီက Yokogawa Bridgeဟာ MECဆီကို နောက်ထပ် ငွေကြေး ပေးချေရမယ့် ကိစ္စတွေ ရှိသေးတယ်လို့ အတည်ပြု ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက် ထပ်ပေးရမယ် ဆိုတာနဲ့ ဘယ်အချိန်ကာလအတွင်း လွှဲပေးရမလဲ ဆိုတာတွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။
MECဟာ စစ်တပ်ကို အထောက်အပံ့ ဖြစ်စေမယ့် ငွေကြေးတွေကို ကုန်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းတွေကနေ အလုံးအရင်း ရှာဖွေပေးနေဆဲ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂ၊ကနေဒါ၊ ဩစတြေးလျတို့ဟာ MECနဲ့ မြန်မာစစ်တပ်ပိုင် တခြား စီးပွားရေး လုပ်ငန်းစုတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး ကတည်းက မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာခဲ့သလို နိုင်ငံကိုလည်း ပြည်တွင်းစစ်နွံထဲ ဆွဲချခဲ့ပါတယ်။ HRWက ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ အနေနဲ့ သူ့ရဲ့ စကားအပေါ် အပြည့်အဝ တာဝန်ယူပြီး MECအတွက် ဂျပန်က နောက်ထပ် ငွေကြေးပေးချေမှုတွေကို ဆိုင်းငံ့ဖို့၊ လူသားချင်း စာနာမှုကဏ္ဍ မဟုတ်တဲ့ တခြား အထောက်အပံ့ မှန်သမျှ စစ်ကောင်စီဆီ မရောက်အောင် တားဆီးဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။